Skip to main content

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းပွဲနှင့် ဇီဝိတဒါနငါးလွှတ်ပွဲ တက်ရောက်

နေပြည်တော် စက်တင်ဘာ ၃၀

(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် ဆရာတော်၊ သံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပျဉ်းမနားမြို့ မင်္ဂလာဇေယျုံပါဠိ တက္ကသိုလ်ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိနှင့် ဆရာတော်သံဃာတော်များ ကြွရောက်တော်မူကြပြီး ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ဇနီး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးနှင့် ဇနီး၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးနှင့်ဇနီး၊ ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယရဲချုပ်များ၊ တာဝန်ရှိသူများနှင့် ၎င်းတို့၏ဇနီးများ၊ ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

ပရိတ်တရားတော်များ နာယူကြည်ညို

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ပရိသတ်များက ပျဉ်းမနားမြို့ မင်္ဂလာဇေယျုံပါဠိ တက္ကသိုလ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိမလဗုဒ္ဓိထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်သံဃာတော်များ ချီးမြှင့်အပ်သော ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ပရိသတ်များက ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြပြီး ဆရာတော်၊ သံဃာတော်များအား အရုဏ် ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

ငါးကောင်ရေ ၂၅၀၀ ဇီဝိတဒါနအဖြစ် လွှတ်ပေး

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ် ဘောဂသိဒ္ဓိရပ်ကွက် ပျဉ်းမနား-တောင်ညိုလမ်းဘေးရှိ အမှတ်(၃)မင်္ဂလာကန်တော်၌ကျင်းပသည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဇီဝိတဒါနငါးလွှတ်ပွဲအခမ်းအနားသို့တက်ရောက်ပြီး မင်္ဂလာကန်တော်အတွင်းသို့ ငါးကောင်ရေ ၂၅၀၀ ကို ဇီဝိတဒါနအဖြစ် လွှတ်ပေးကြသည်။

တစ်နေ့တာ အာဟာရဒါန ကျွေးမွေးလှူဒါန်းသွားမည်

ထို့အတူ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ်အဖြစ် နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ “ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာသို့ ငွေပဒေသာပင် အလှူငွေကျပ် သိန်း ၅၀ လှူဒါန်းခဲ့ပြီး အောက်တိုဘာ ၁ ရက်တွင် ဘိုးဘွားရိပ်သာမှ အဘိုးအဘွား ၁၉၁ ဦးတို့ကို တစ်နေ့တာ အာဟာရဒါန ကျွေးမွေးလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်