နေပြည်တော် ဇွန် ၅
လျှပ်စစ်သုံးယာဉ် ဆရာဖြစ်သင်တန်း (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ဇွန် ၃ ရက် နံနက်ပိုင်းက အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) ၌ ကျင်းပရာ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့်နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ တက်ရောက်အမှာစကားပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးက အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) ကျောင်းအုပ်ကြီးထံ ဂုဏ်ပြုလက်ဆောင် ပေးအပ်ချီးမြှင့်ပြီး EV အလုပ်ရုံရှိ အဆင့်မြင့်သင်ထောက်ကူပစ္စည်းများ၊ စက်မှုအင်ဂျင်နီယာဌာနအလုပ်ရုံရှိ စက်ရုပ်နှင့် ကျောင်းသားများက World Youth Skills Day 2024 Innovation Project ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည့် Gasifier သုတေသနပရောဂျက်၊ စတင်ဖွင့်လှစ်သည့် သင်တန်းများတွင် ကျောင်းသား ကျောင်းသူများ အေးချမ်း ပျော်ရွှင်စွာ ပညာသင်ကြားနေမှုနှင့် ကျောင်းဥပဓိရုပ်တင့်တယ်စေရေး ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် စက်မှု-စိုက်ပျိုး-မွေးမြူရေးအထက်တန်းကျောင်း (မင်္ဂလာဒုံ) သို့ ရောက်ရှိပြီး အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများမှ ရရှိသည့် ကုန်ကြမ်းများမှ တန်ဖိုးမြှင့်ကုန်ထုတ် MSME လုပ်ငန်းများ ဖွံ့ဖြိုးရေးသည် ပြည်သူများ၏ စားရေရိက္ခာဖူလုံရေးနှင့် တိုင်းပြည်သာယာဝပြောရေးတို့အတွက် အခရာကျပါကြောင်း၊ ထို့ကြောင့် ပြည်သူ့အကျိုးပြု စက်မှုကျွမ်းကျင်လုပ်သားများ၊ နည်းပညာရှင်များ ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားပြီး စက်မှုဘာသာရပ်ကျောင်းသား ကျောင်းသူများထံ ပုံနှိပ်စာအုပ်များနှင့် သင်ထောက်ကူပစ္စည်းများ ပေးအပ်ချီးမြှင့်သည်။
စက်မှု-စိုက်ပျိုး-မွေးမြူရေးအထက်တန်းကျောင်းများကို ယခင်ပညာသင်နှစ်က ၅၁ ကျောင်း ဖွင့်လှစ်ပေးခဲ့ပြီး ယခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ၃၄ ကျောင်းကို တိုးချဲ့ဖွင့်လှစ်နိုင်ကာ စုစုပေါင်း ၈၅ ကျောင်း ဖွင့်လှစ်နိုင်ပြီဖြစ်သည်။
မွန်းလွဲပိုင်း၌ ဒုတိယဝန်ကြီးသည် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၌ စတင်ဖွင့်လှစ်သည့် သင်တန်းများမှ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံပြီး တိုးတက်ပြောင်းလဲမှု မြန်ဆန်နေသော နောက်ဆုံးပေါ် Digital Transformation ဆိုင်ရာ IT နည်းပညာအရွေ့နှုန်းနှင့်အတူ လိုက်ပါနိုင်ရေးနှင့် နိုင်ငံ့အကျိုးပြု IT ပညာရှင်လူငယ်များဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ကျောင်းသားများက နိုင်ငံတကာပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင် ရန်အတွက် ပြင်ဆင်နေသည့် သုတေသနပရောဂျက်များကို ကြည့်ရှုအားပေးကာ AI (Artificial Intelligence) ကို အသုံးချသည့် Smart Agriculture၊ Cyber Security၊ EV၊ Industrial Engineering၊ E-commerce နှင့် Healthcare ဆိုင်ရာ သုတေသနများကို မြှင့်တင်ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်