Skip to main content

ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂ လမ်းသွားကားလမ်း အဆင့်မြှင့်တင်ခြင်း တိုးတက်မှုအခြေအနေများနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်  စက်တင်ဘာ  ၂

ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ NEDA – Neighbouring Countries Economic Development Cooperation Agency တို့ အကြား ဆောင်ရွက်မည့် ထားဝယ်အထူးစီးပွားရေးဇုန်နှင့် မြန်မာ-ထိုင်းနယ်စပ် (ထီးခီး)သို့ ဆက်သွယ်ဖောက်လုပ်မည့် ၂-လမ်းသွား ကားလမ်းစီမံကိန်းနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက် အမှာစကားပြောကြားသည်။ 

အစည်းအဝေးတွင် ထားဝယ်အထူးစီးပွားရေးဇုန်နှင့် မြန်မာ-ထိုင်း နယ်စပ်(ထီးခီး)သို့ ဆက်သွယ် ဖောက်လုပ်မည့် ၂-လမ်းသွား ကားလမ်းစီမံကိန်းဖောက်လုပ်ရေးနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံ NEDA နှင့်  ညှိနှိုင်းဆွေးနွေးခြင်း တိုးတက်မှုအခြေအနေများ၊ ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုထားပြီးဖြစ်သည့် ချေးငွေကို ထိုင်းနိုင်ငံမှရရှိရေးအတွက် NEDA နှင့်  ညှိနှိုင်းဆောင်ရွက်မှုနှင့် တိုးတက်မှုအခြေအနေများ၊ ၂-လမ်းသွား ကားလမ်းဖောက်လုပ်ရန်အတွက်  သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်လေ့လာမှုဆိုင်ရာ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)