Skip to main content

ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေသည့် PJ စာအုပ်ကိုင်ဆောင်ထားသော မြန်မာနိုင်ငံသားများ ခွင့်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရာတွင် ဆောင်ရွက်ရမည့်အချက်များ

၁။ ၂၀၂၆ ခုနှစ်၊ မေလ (၁) ရက်နေ့မှစတင်၍ မြန်မာနိုင်ငံသို့ ခွင့်ဖြင့် ပြန်လည်ဝင်ရောက်မည့် အလုပ်သမားများသည် အလုပ်ရှင်ထံမှခွင့်စာ (Letter of Permission for Leave) နှင့် သက်ဆိုင်ရာ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးတို့မှ မှန်ကန်ကြောင်း စိစစ်ထောက်ခံချက်ရယူပြီး သတ်မှတ်စာရွက်စာတမ်းများနှင့်အတူ သက်ဆိုင်ရာမှ ထုတ်ပေးသော ထောက်ခံချက်ပူးတွဲ၍ ပြည်ပသို့ ပြန်လည်ထွက်ခွာခွင့် တင်ပြလျှောက်ထားရမည်ဖြစ်ပါသည်။

၂။ ၂၀၂၆ ခုနှစ်၊ မေလ (၁) ရက်နေ့မတိုင်မီကာလအတွင်း မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနေကြသည့် အလုပ်သမားများတွင် ခွင့်ကာလ (၁) လအထက်ကျော်သူများ၊ OWIC တွင် ဖော်ပြထားသော နိုင်ငံနှင့် လုပ်ငန်းခွင်ကွဲလွဲသူများသည် ခွင့်ကာလတစ်လကျော်ယူရသည့် အကြောင်းပြချက်နှင့် အထောက်အထားခိုင်လုံစွာဖြင့် တင်ပြရပါမည်။

၃။ မြန်မာနိုင်ငံသားများ အလုပ်သွားရောက်လုပ်ကိုင်နေသော နိုင်ငံအများစုတွင် သတ်မှတ်ထားသော ခွင့်အမျိုးအစားများအနက် မီးဖွားခွင့်၊ မိသားစုစောင့်ရှောက်ခွင့်၊ နာမကျန်းခွင့် စသည်တို့မှအပ နှစ်ပတ်လည် ခွင့်အပါအဝင် သာမန်ခွင့်များကို အများဆုံး (၁) လသာ ခွင့်ပြုထားသည်ဟု သိရှိထားရသဖြင့် အမှန်တကယ် ခွင့်တင်ပြရယူထားသော ခွင့်ပြန် အလုပ်သမားဖြစ်ကြောင်း သေချာစေရန် စိစစ်ရခြင်းဖြစ်ပြီး မြန်မာနိုင်ငံသား အလုပ်သမားများ အမှန်တကယ်အလုပ်လုပ်ကိုင်နေသော OWIC ပါ အလုပ်ရှင်နှင့် လုပ်ငန်းခွင်တို့တွင် အခက်အခဲတစ်စုံတစ်ရာကြုံတွေ့ရပါက သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်မှုပေးနိုင်ရန်ရည်ရွယ်၍ လက်ရှိအလုပ်လုပ်နေသော အလုပ်ရှင်/ လုပ်ငန်းခွင်အမှန်ကိုသိရှိနိုင်ရေး ဆောင်ရွက်ပေးခြင်းဖြစ်ပါသည်။

၄။ သို့ပါ၍ ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေသည့် PJ စာအုပ်ကိုင်ဆောင်ထားသော မြန်မာနိုင်ငံသားများ ခွင့်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာပြီး ၎င်းတို့အလုပ်လုပ်ကိုင်ရာ သက်ဆိုင်ရာနိုင်ငံရှိ လုပ်ငန်းခွင်များသို့ အချိန်မီပြန်လည်ဝင်ရောက်နိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးမှုမရှိစေရေးအတွက် အထောက်အထားများကို မှန်ကန်ပြည့်စုံစွာ တင်ပြနိုင်သည့် လျှောက်လွှာများကို ရက်သတ္တပတ်တစ်ပတ် (ရုံးပိတ်ရက်အပါအဝင်) အတွင်း ပြည်ပထွက်ခွာခွင့်နှင့် OWIC အသစ်လဲလှယ်နိုင်ရေးတို့ကို စနစ်တကျနှင့် အမြန်ဆုံး စိစစ်ခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

အလုပ်သမားညွှန်ကြားရေးဦးစီးဌာန