Skip to main content

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း ကော်မရှင်ရုံးခွဲ (တောင်ကြီး) ရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ

နေပြည်တော် မေ ၄

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းသည် ယနေ့ညနေပိုင်းတွင် ကော်မရှင်ရုံးခွဲ (တောင်ကြီး) ရှိ အစည်းအဝေးခန်းမ၌ ကော်မရှင်ရုံးခွဲမှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ကော်မရှင်ရုံးခွဲ တာဝန်ခံညွှန်ကြားရေးမှူးက ရုံးခွဲစတင်ဖွင့်လှစ်ခဲ့မှု၊ ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများဆောက်လုပ်ခဲ့မှု၊ ဝန်ထမ်းဖွဲ့စည်းပုံနှင့် ဝန်ထမ်းခန့်ထားမှု၊ အသိပညာပေးရေး၊ စုံစမ်းစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာကော်မရှင်ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်တွင် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ကြရာတွင် အဂတိကင်းရှင်းစွာဖြင့် ဆောင်ရွက်ကြရန်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ လူငယ်စကားဝိုင်းများနှင့် အသိပညာပေး လုပ်ငန်းများကို ယခင်နှစ်များထက် ပိုမိုကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ကြရန်၊ အဂတိလိုက်စားမှုကြောင့် ပေါ်ပေါက်လာမည့်ဆိုးကျိုးများကို အသိတရားရရှိအောင် အသိပညာပေးလုပ်ငန်းများကို အကြိမ်ကြိမ်ဆောင်ရွက်ခြင်းသည် အကောင်းဆုံးအဖြေဖြစ်ကြောင်း၊

ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူလျက် အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေးခြင်းဟူသည့် ကဏ္ဍသုံးရပ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပေးအပ်လာသည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရေးအတွက် ဝန်ထမ်းတစ်ဦးချင်းအနေဖြင့် အရည်အချင်း၊ အရည်အသွေး ပြည့်ဝနေအောင် အမြဲတမ်းဖြည့်ဆည်းနေရန်လိုကြောင်း၊ မိမိအလုပ်ကိုတန်ဖိုးထား၍ ကြိုးစားလုပ်ဆောင်ရန်၊ ဝန်ထမ်းအချင်းချင်း မိသားစုစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ နေထိုင်သွားကြရန်လိုကြောင်း မှာကြားသည်။

ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌက ရုံးခွဲရှိဝန်ထမ်းများနှင့် မိသားစုများအတွက် ဆန်၊ စားသုံးဆီ၊ ကြက်ဥနှင့် စားသောက်ဖွယ်ရာများကိုပေးအပ်ရာ ရုံးခွဲတာဝန်ခံနှင့် မိသားစုများက လက်ခံရယူသည်။

ထို့နောက် ကော်မရှင်ဥက္ကဋ္ဌသည် ရုံးခွဲအဆောက်အအုံအတွင်း ဝန်ထမ်းများ၏ လုပ်ငန်းတာဝန်ထမ်းဆောင်နေမှုနှင့် ကော်မရှင်ရုံးခွဲ ဝန်ထမ်းအိမ်ရာကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားကာ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်