နေပြည်တော် နိုဝင်ဘာ ၈
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၃၄)ကြိမ်မြောက်(ပုံမှန်)အစည်းအဝေး(၄/၂၀၂၃)ကို ယမန်နေ့မွန်းလွဲ ၃ နာရီခွဲတွင် ရုံးအမှတ်(၃၄)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေး၌ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့အနေဖြင့် ပုံမှန်အစည်းအဝေးများကျင်းပ၍ အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အာမခံကုမ္ပဏီများမှတင်ပြသည့် အာမခံအမျိုးအစားသစ်များ လုပ်ကိုင်ခွင့်ပြုပေးလျက်ရှိကြောင်း၊ အာမခံကျွမ်းကျင်ပညာရှင်များနှင့်ပူးပေါင်းပြီး မြန်မာနိုင်ငံအာမခံအသင်းက ပြင်ဆင်ရေးဆွဲထားသည့် မော်တော်ယာဉ်အာမခံ ပေါ်လစီအသစ်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် စတင်ကျင့်သုံးရန် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့အနေဖြင့် ခွင့်ပြုခဲ့ပြီး New Motor Policy Launching Ceremony ကို ဈေးကွက်တွင် စတင်ရောင်းချနေပြီဖြစ်ကြောင်း၊ နိုင်ငံတော်အတွက် လိုအပ်သည့် အာမခံအမျိုးအစားသစ်များကို ထပ်မံခွင့်ပြုရေးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် အတွင်းရေးမှူးက ယခင်အစည်းအဝေး (၃/၂၀၂၃)ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ ယခုအစည်းအဝေးတွင် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ ဆွေးနွေးဆုံးဖြတ်ရမည့် အသက်အာမခံအမျိုးအစားသစ်များနှင့် အထွေထွေအာမခံအမျိုးအစားသစ်ဖြစ်သည့် Electric Vehicle (EV) ယာဉ်များအတွက် အာမခံပေါ်လစီ အပိုအကာအကွယ် ပရီမီယံနှုန်းသတ်မှတ် ခွင့်ပြုပေးနိုင်ရေးကိစ္စ၊ ကော်ပိုရိတ်အသက်နှင့် အထွေထွေအာမခံ ကိုယ်စားလှယ်လုပ်ကိုင်ခွင့်ပြုနိုင်ရေးကိစ္စ၊ ဌာနတွင်းအာမခံ ကိုယ်စားလှယ်သင်တန်းကျောင်းများ ဖွင့်လှစ်ခွင့်ပြုနိုင်ရေးကိစ္စများကိုတင်ပြခဲ့ရာ တက်ရောက်လာကြသည့်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆွေးနွေးအတည်ပြုကြသည်။
ထို့နောက် အာမခံကုမ္ပဏီများမှ Certifying Actuary နှင့် Chief Operating Officer ခန့်ထားခြင်းကိစ္စ၊ အာမခံကိုယ်စားလှယ်လုပ်ကိုင်ခွင့်လိုင်စင်များ ထုတ်ပေးခွင့်ပြုရေးကိစ္စ၊ အာမခံကုမ္ပဏီများမှ ကုမ္ပဏီရုံးခွဲသစ်ဖွင့်လှစ်ခြင်းနှင့် Marketing Counter ပြန်လည်ပိတ်သိမ်းလိုခြင်းကိစ္စတို့ကိုတင်ပြရာ အဖွဲ့ဝင်များက မှတ်တမ်းတင်အတည်ပြုကြသည်။
ယင်းနောက် ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားသည်။
မြန်မာနိုင်ငံ၏ အာမခံဈေးကွက်တွင် ရာနှုန်းပြည့် နိုင်ငံခြားသားပိုင်အသက်အာမခံကုမ္ပဏီငါးခု၊ ဖက်စပ်အသက် အာမခံကုမ္ပဏီသုံးခု၊ နိုင်ငံသားပိုင် အသက်အာမခံကုမ္ပဏီကိုးခု၊ ဖက်စပ်အထွေထွေအာမခံကုမ္ပဏီသုံးခု၊ နိုင်ငံသားပိုင်အထွေထွေအာမခံကုမ္ပဏီခြောက်ခုနှင့် မြန်မာ့အာမခံလုပ်ငန်းအပါအဝင် အာမခံကုမ္ပဏီ ၂၇ ခုမှ အာမခံဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပြီး ပုဂ္ဂလိကအာမခံကုမ္ပဏီများမှ အာမခံအမျိုးအစား ၄၆ မျိုးကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်