Skip to main content

မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း အကြိမ်(၂၀)မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးကျင်းပ

ရန်ကုန် အောက်တိုဘာ ၁၀

မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ အကြိမ်(၂၀)မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ UMFCCI Office Tower မင်္ဂလာခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့မှဥက္ကဋ္ဌများနှင့် အကြီးအကဲများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် UMFCCI မှ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆေးဝါးနှင့်ဆေးပစ္စည်းထုတ်လုပ်သူများ အသင်းဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ ညီနောင်အသင်းများမှဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်များ၊ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ အကြံပေးပုဂ္ဂိုလ်များနှင့် ဗဟိုအလုပ်အမှုဆောင်နှင့် အလုပ်အမှုဆောင်များ၊ အသင်းဝင်ကုမ္ပဏီများနှင့် အသင်းသားများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက အသင်းကြီးအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက် (၉) ရပ်ထဲက လူမှုရေးဦးတည်ချက် (၁)ရပ် ဖြစ်သည့် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင် ဆောင်ရွက်ရေးကို အကောင်အထည်ဖော်ရာတွင် တစ်တပ်တစ်အား ပါဝင်ပေးကြရန်၊ မိမိတို့၏ ဆေးနှင့်ဆေးပစ္စည်းများ ရောင်းဝယ်ဖောက်ကားရာ တွင် နိုင်ငံတော်အစိုးရ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများက ထုတ်ပြန်ထားသော အမိန့်ကြော်ငြာစာများ၊ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျဆောင်ရွက်ကြရန်၊ အများပြည်သူ ကျန်းမာရေးအကျိုးကို ရှေးရှု ဦးစားပေးကာ အရည်အသွေးမီ ဆေးဝါးများကို လက်လှမ်းမီ သင့်တင့်သည့် ဈေးနှုန်းဖြင့် ရောင်းဝယ် ဖြန့်ဖြူးပေးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါက်တာဝင်းကြိုင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး အသင်း၏တစ်နှစ်တာကာလအတွင်း လုပ်ဆောင်ချက်များကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

သတင်းစဉ်