နေပြည်တော် အောက်တိုဘာ ၁၀
ပြည်သူများ၏အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်မည့် အရည်အသွေးပြည့်မီသော နည်းပညာရှင်များ စဉ်ဆက်မပြတ် မွေးထုတ်နိုင်ရေး ပြည်တွင်း၊ ပြည်ပကျောင်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်ရန်လိုအပ်ကြောင်း ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျက တိုက်တွန်း ပြောကြားသည်။
ထို့ပြင် နိုင်ငံ့အမျိုးသားရေး လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များကို အောင်မြင်အောင် ဆောင်ရွက်ရာတွင် တစ်တပ်တစ်အားဖြစ်စေမည့် ဗလငါးတန်နှင့် ပြည့်စုံသော နိုင်ငံ့လူငယ်ကောင်းများ ပျိုးထောင်ပေးရေး ကြိုးပမ်းဆောင်ရွက်ရန်၊ MSME စက်မှု ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် ကျွမ်းကျင်ပညာရှင်များ ပေါ်ထွန်းလာရေး သတ်မှတ်စံနှုန်း များအတိုင်း မြေတောင်မြှောက်ပေးရန်၊ ပြည်သူများ အလုပ်အကိုင်များရရှိစေရေးနှင့် ဘဝရပ်တည် ရေးခိုင်မာစေရေးအတွက် လက်တွေ့ကျသည့် သက်မွေးပညာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးရန် ယမန်နေ့ မွန်းလွဲပိုင်းက အစိုးရစက်မှုလက်မှုသိပ္ပံ (တောင်ငူ) မှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီးက ထိုကဲ့သို့ မှာကြားခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံပွဲတွင် အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ငူ)မှ ကျောင်းအုပ်ကြီး ဒေါက်တာကျော့ကျော့ရီက ကျောင်းဆိုင်ရာအချက်အလက်များနှင့် ဝန်ထမ်းများက လိုအပ်ချက်များကိုတင်ပြကြရာ ဒုတိယဝန်ကြီးက ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပင်မဆောင်ရှိ စာပေဌာနမှ စာသင်ခန်းနှင့် လက်တွေ့ခန်းများ၊ စာမေးပွဲခန်းများ၌ အေးချမ်းစွာစာမေးပွဲဖြေဆိုလျက်ရှိကြသည့် အင်ဂျင်နီယာဌာနများမှ ကျောင်းသား ကျောင်းသူများ ရေးဖြေဘာသာရပ်များနှင့် ပုံဆွဲဘာသာရပ်ဖြေဆိုနေမှုကို ကြည့်ရှုကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ကျောင်းဥပဓိရုပ်ကောင်းမွန်တင့်တယ်ရေး ဆောင်ရွက်ထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်