Skip to main content

ပဲခူးမြို့နယ်ရှိ ဇလက်ထော်ရေလှောင်တမံ၏ ရေပိုလွှဲအထွက်ဘက်အပိုင်းရှိ ရေကျအဆောက်အအုံထိခိုက်မှုအား အရေးပေါ်ပြုပြင်ဆောင်ရွက်နိုင်ခဲ့

နေပြည်တော် အောက်တိုဘာ ၁၀

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်အတွင်းတွင် မိုးသည်းထန်စွာ ရက်ဆက်ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေ စံချိန်တင်မြင့်တက်ခဲ့ခြင်း၊ ရေလှောင်တမံများတွင် ရေဝင်ရောက်မှု များပြားခဲ့ခြင်းတို့ကြောင့် ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်လျက်ရှိရာ ဆည်တမံများထိန်းသိမ်းရေးနှင့်သက်ဆိုင်သည့် လုပ်ငန်းများကို အနီးကပ်ကြီးကြပ်ဆောင်ရွက်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့နယ်သို့ သွားရောက်ဆောင်ရွက်လျက်ရှိသည်။

ပဲခူးမြို့နယ်ရှိ ဇလက်ထော် ရေလှောင်တမံသည် ကန်ရေပြည့်အမှတ်သို့ရောက်ရှိပြီး အောက်တိုဘာ ၈ ရက်မှစ၍ ရေပိုလွှဲအထက် ရေတစ်ပေခန့် ပုံမှန်ကျော်လွန်စီးဆင်းရာမှ ရေဆင်းဧရိယာအတွင်း မိုးသည်းထန်စွာ ရက်ဆက်ရွာသွန်းခဲ့ခြင်းကြောင့် အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းမှစ၍ ရေပိုလွှဲပေါ်မှ ရေအမြင့် ၃ ဒသမ ၉ ပေအထိ ရေကျော်စီးဆင်းခဲ့ပြီး ပင်မရေပိုလွှဲ၏ အထွက်ပိုင်းရှိ ရေကျအဆောက်အအုံ ရေတိုက်စားထိခိုက်မှု ဖြစ်ပေါ်ခဲ့သည်။

သို့ဖြစ်၍ ဒုတိယဝန်ကြီးဦးဆောင်သော ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပင်မရေပိုလွှဲအဆောက်အအုံ ထိခိုက်မှုမရှိစေရန်နှင့်ရေလှောင်တမံ ထိခိုက် ပျက်စီးမှုမဖြစ်စေရန် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ယာယီရေတားတမံပြုလုပ်

အဆိုပါဖြစ်စဉ်တွင် ရေပိုလွှဲအထွက်ဘက်ပိုင်းရှိ ရေကျအဆောက်အအုံသာ ထိခိုက်မှုဖြစ်ပေါ်ခဲ့ကြောင်း၊ ပင်မရေပိုလွှဲနှင့် ရေလှောင်တမံတို့မှာ ထိခိုက်ပျက်စီးမှုလုံးဝမရှိကြောင်း၊ ထိခိုက်ပျက်စီးမှု ဆက်လက်မဖြစ်ပေါ်စေရေးအတွက် ပင်မရေပိုလွှဲအထွက်ဘက်ပိုင်းတွင် ကျောက်ကြီးများနှင့် ကျောက်ခြင်းများချထားကာကွယ်ခြင်း၊ ပင်မရေပိုလွှဲ အထက်ဘက်ပိုင်းတွင် ယာယီရေတားတမံပြုလုပ်ခြင်း၊ ပင်မရေပိုလွှဲအောက်ပိုင်းအား ရေတိုက်စားမှုဒဏ်ခံနိုင်ရေးအတွက် အရေးပေါ်ပြင်ဆင်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

ထို့နောက် အရေးပေါ်အခြေအနေတွင် ရေကိုလွှဲထုတ်နိုင်ရန် အရေးပေါ်ရေပိုလွှဲအဖြစ် အသုံးပြုနိုင်မည့် ရေလွှဲမြောင်းတစ်ခုကို လျာထားသတ်မှတ်ထားရှိပြီး အရေးပေါ်အခြေအနေ ပေါ်ပေါက်လာပါက အသုံးပြုနိုင်ရေး ကြိုတင်လျာထားခြင်းဖြစ်ကြောင်း သိရသည်။

စိုးရိမ်ဖွယ်ရာမရှိ

လက်ရှိ အခြေအနေတွင် ရေလှောင်တမံသည် လုံးဝထိခိုက်မှုမရှိဘဲ ပင်မရေပိုလွှဲ၏ အထွက်ပိုင်းကို ရေတိုက်စား ဒဏ်ခံနိုင်ရေးအတွက် လူအင်အား၊ စက်ယန္တရား အင်အားများဖြင့် ကျောက်ကြီးများ စုဆောင်းခြင်း၊ ကျောက်ကြီးများချထားခြင်း၊ ကျောက်ခြင်းများချထား ကာကွယ်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် လက်ရှိတွင်မိုးရွာသွန်းမှုမရှိတော့သည့်အတွက် ဇလက်ထော်ရေလှောင်တမံ၏ တမံရေအမှတ်များ လျော့နည်းကျဆင်းလာနေပြီဖြစ်ကြောင်း၊ သို့ဖြစ်၍ ဇလက်ထော်ရေလှောင်တမံအနေဖြင့် စိုးရိမ်ဖွယ်ရာမရှိကြောင်း သိရသည်။

သတင်းစဉ်