နေပြည်တော် စက်တင်ဘာ ၂၄
တရုတ်ပြည်သူ့သမ္မတနိုင်ငံ စိုက်ပျိုးရေးနှင့်ကျေးလက်ရေးရာဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၉ ရက်မှ ၂၀ ရက်အထိ ရှန်စီးပြည်နယ် ရန်လင်းမြို့၌ ကျင်းပသည့် ၂၀၂၃ ခုနှစ် ကမ္ဘာ့မြေဆီလွှာကျန်းမာရေးဆွေးနွေးပွဲ 2023 Global Forum on Soil Health သို့ တက်ရောက်ခဲ့ကြသည်။
Soil Health Management နှင့်ပတ်သက်သည့် အတွေ့အကြုံများဖလှယ်ရန်နှင့် မူဝါဒပိုင်းဆိုင်ရာဆွေးနွေးမှုများပြုလုပ်ရန်၊ နည်းပညာဆိုင်ရာများ ဖလှယ်နိုင်ရန်၊ စားနပ်ရိက္ခာဖူလုံခြင်းနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပြဿနာများဖြေရှင်းရန်၊ ပူးတွဲလုပ်ဆောင်ချက်များ အကောင်အထည်ဖော်ရန်၊ ကုလသမဂ္ဂ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး၏ ၂၀၃၀ အစီအစဉ်အား အကောင်အထည်ဖော်ရန် ရည်ရွယ်၍ 2023 Global Forum on Soil Health ကို ကျင်းပခြင်းဖြစ်သည်။
အဆိုပါဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက မြန်မာ-တရုတ်နှစ်နိုင်ငံ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာများ၊ သီးနှံဗီဇမျိုးအရင်းအမြစ်များ အပြန်အလှန်ဖလှယ်နိုင်ရေး၊ မြေဆီလွှာကျန်းမာရေးကောင်းမွန်ရေးနည်းပညာနှင့် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန်ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။
ထို့ပြင် ဒုတိယဝန်ကြီးသည် စပါးစိုက်ပျိုးသည့် မြေများ၏ မြေဆီလွှာကျန်းမာရေး တိုးတက်ဖွံ့ဖြိုးရေးအလုပ်ရုံဆွေးနွေးပွဲတွင် ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့ပြီး နှစ်နိုင်ငံသုတေသနနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာများ၊ စားရေရိက္ခာဖူလုံရေးနှင့် အာဟာရပြည့်ဝရေး ဈေးကွက်ဖော်ဆောင်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့သည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စက်တင်ဘာ ၂၁ ရက်တွင် ရန်လင်းမြို့၌ ပြသထားရှိသော မြေဆီလွှာဖွံ့ဖြိုးရေးပြခန်းများ၊ ခေတ်မီစိုက်ပျိုးရေးလုပ်ငန်းများနှင့် ရှန်ဟဲပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံများက ကျင်းပသည့် ကုန်စည်ပြပွဲတို့ကို သွားရောက်လေ့လာခဲ့ကြပြီး စက်တင်ဘာ ၂၃ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြကြောင်း သိရသည်။
သတင်းစဉ်