နေပြည်တော် စက်တင်ဘာ ၂၂
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင် ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme(KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ်(၃၀) ဆွေးနွေးပွဲအဖြစ် “နှစ်နိုင်ငံနှင့် အပြည်ပြည်ဆိုင်ရာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များအတွက် ညှိနှိုင်းရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့မှုကို ပြန်လည်မျှဝေခြင်း” ခေါင်းစဉ်ဖြင့် ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) ၌ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်အမှာစကားပြောကြားသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့ဆွေးနွေးတင်ပြမည့်ခေါင်းစဉ်သည် နှစ်နိုင်ငံနှင့် အပြည်ပြည်ဆိုင်ရာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များအပေါ်အခြေခံသည့် အကြောင်းအရာများဖြစ်သဖြင့် အရာထမ်း/အမှုထမ်းများအားလုံး ကျွမ်းကျင်စွာသိရှိနားလည်ရန် လိုအပ်ပါကြောင်းနှင့် အနာဂတ်တွင် စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရေးဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်သဖြင့် စိတ်ပါဝင်စားစွာဖြင့် စနစ်တကျပါဝင်ဆွေးနွေးခြင်း၊ မေးမြန်းခြင်းအား ဆောင်ရွက်ရန် တိုက်တွန်း ပြောကြားသည်။
ဆွေးနွေးပွဲအခမ်းအနားတွင် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်တင်လင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် တက်ရောက်ခဲ့သည့် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန(MOFCOM)က ပြုလုပ်သည့်ဆွေးနွေးပွဲမှ “နှစ်နိုင်ငံနှင့် အပြည်ပြည်ဆိုင်ရာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များ အတွက် ညှိနှိုင်းရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင် ရေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့မှုကို ပြန်လည်မျှဝေခြင်း” ခေါင်းစဉ်ဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခြင်း၊ ဖြည့်စွက်ဆွေးနွေးခြင်းများ ပြုလုပ်ကြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မေးမြန်းဆွေးနွေးချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့သည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း/ အမှုထမ်းများ၊ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများမှ အွန်လိုင်းဖြင့် တက်ရောက်သူများအပါအဝင် စုစုပေါင်းဝန်ထမ်းအင်အား ၁၂၀ ကျော် တက်ရောက်ကြသည်။
သတင်းစဉ်