ရန်ကုန် စက်တင်ဘာ ၂၂
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းရှိန်သည် အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဌေးဝင်း၊ တိုင်းဒေသကြီး အလုပ်သမားရေးရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ဆပ်သွားတောကျေးရွာအုပ်စု ရှမ်းကုန်းရွာ ဓမ္မာရုံလမ်းအမှတ် (၂၂၈) ရှိ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန အသိအမှတ်ပြု Khaing & Kyaw Services Company Limited ၏ မိရအိအလုပ်အကိုင်ဆိုင်ရာ လေ့ကျင့်ရေးသင်တန်းကျောင်းသို့ သွားရောက်၍ ဂဟေဆက်သင်တန်းနှင့် ငြမ်းဆင်သင်တန်း ဖွင့်လှစ်ပို့ချမှုများကို ကြည့်ရှုအားပေးသည်။
ယင်းနောက် မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးရပ်ကွက် ချင်းတွင်းလမ်း၊ အမှတ် (၃) ရှိ Today Top Star ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းကျောင်းကို ရောက်ရှိပြီး စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ သင်ထောက်ကူပစ္စည်းများ၊ စက်ပစ္စည်းများနှင့် လက်သုံးပစ္စည်းများနှင့် သင်တန်း များဖွင့်လှစ်နိုင်ရေး ပြင်ဆင်ထားရှိမှု၊ မရမ်းကုန်းမြို့နယ် ဇေယျာခေမာလမ်း ၆ ရပ်ကွက် အမှတ် ၆၄ (E) ရှိ Kabar Training Center ၌ Pipe Fitting နှင့် System Formwork သင်တန်းများ ဖွင့်လှစ်ပို့ချမှုများကို ကြည့်ရှုအားပေးသည်။
ဒုတိယဝန်ကြီးက သင်တန်းကျောင်းများကို ကြည့်ရှုစစ်ဆေးစဉ် လေ့ကျင့်ရေးနည်းစနစ်များသည် လက်တွေ့လုပ်ငန်းခွင်နှင့် လိုက်လျောညီထွေမှုရှိစေရန်၊ သင်တန်းဆင်းများကို အလုပ်အကိုင်အခွင့်အလမ်းရရှိနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးရန်၊ ဦးစီးဌာနက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးရေးလုပ်ငန်းစဉ်သည် ကာယဉာဏလုပ်သားများအတွက် လူ့ဂုဏ်သိက္ခာကို တန်ဖိုးမြင့်မားစေသဖြင့် တာဝန်ရှိသူများက သက်ဆိုင်ရာကျွမ်းကျင် ပညာရှင်များနှင့်ပူးပေါင်း၍ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်