နေပြည်တော် စက်တင်ဘာ ၂၂
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသည် အစိုးရဌာန၊ အဖွဲ့အစည်းများ၏ ဘဏ္ဍာငွေ အရအသုံးစာရင်းများနှင့် လုပ်ငန်းဆောင်ရွက်မှုများကို ဥပဒေနှင့်အညီစစ်ဆေးခြင်း၊ အစီရင်ခံတင်ပြခြင်းဖြင့် ပြည်သူ့အကျိုးစီးပွားကို ဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးမှုမရှိစေရေးနှင့် နိုင်ငံတော်နစ်နာ ဆုံးရှုံးမှုမရှိစေရေးတို့အတွက် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်နှင့်အညီ စစ်ဆေးထိန်းကျောင်းပေးရမည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စည်းမျဉ်းစည်းကမ်းနှင့်အညီ ထိရောက်ကောင်းမွန်သည့် စီမံခန့်ခွဲမှုဖြင့် နိုင်ငံတော်ကချမှတ်ထားသည့် ဦးတည်ချက်များကို လိုက်ပါအကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ယမန်နေ့ကကျင်းပသည့် ပြည်ထောင်စုစာရင်း စစ်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူးများ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ (၂/၂၀၂၃) တွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက ပြောကြားသည်။
ယင်းနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ နေပြည်တော်စာရင်းစစ်ရုံး၊ မြန်မာနိုင်ငံ စာရင်းကောင်စီရုံး၊ ကရင်ပြည်နယ်နှင့် ကချင်ပြည်နယ်စာရင်းစစ်ချုပ်ရုံးတို့မှ ညွှန်ကြားရေးမှူးများက ဘဏ္ဍာရေးစာရင်းစစ်ဆေးခြင်း၊ လိုက်နာဆောင်ရွက်မှု စစ်ဆေးခြင်း၊ လုပ်ငန်းဆောင်ရွက်မှု စစ်ဆေးခြင်း၊ Real Time Audit နှင့် တာဝန်ပေးစစ်ဆေးခြင်းဆိုင်ရာများ၊ ဝန်ထမ်းပိုင်းနှင့် စာရင်းပိုင်းဆိုင်ရာများ၊ တွေ့ကြုံရသည့် အခက်အခဲများနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကို တင်ပြဆွေးနွေးကြသည်။
လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ဒုတိယနေ့ကို ယနေ့တွင် ဆက်လက်ကျင်းပရာ ကျန်တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးတို့မှ ညွှန်ကြားရေးမှူးများက စစ်ဆေးရေးလုပ်ငန်းဆိုင်ရာများ၊ ဝန်ထမ်းနှင့် စာရင်းပိုင်းဆိုင်ရာ ကိစ္စရပ်များကို တင်ပြဆွေးနွေးကြသည်။
ထို့နောက် စီမံရေးရာဦးစီးဌာန၊ နည်းပညာဖွံ့ဖြိုးရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် စစ်ဆေးရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များက စီမံရေးရာနှင့်ဝန်ထမ်းဆိုင်ရာများ၊ သင်တန်းဆိုင်ရာများနှင့် စစ်ဆေးရေးလုပ်ငန်း ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြပြီး ဆွေးနွေးတင်ပြမှုများအပေါ် အမြဲတမ်းအတွင်းဝန်က ဖြည့်စွက်ရှင်းလင်းဆွေးနွေး မှာကြားသည်။
ယင်းနောက် ဒုတိယစာရင်းစစ်ချုပ်က တင်ပြဆွေးနွေးမှုများ၊ လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးမှာကြားပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။
သတင်းစဉ်