နေပြည်တော် စက်တင်ဘာ ၂၂
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လုပ်ငန်းခွင်အကြို လေ့ကျင့်ရေးသင်တန်း (၂/၂၀၂၃) သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သင်တန်းကျောင်း၌ကျင်းပရာ ဒုတိယဝန်ကြီးဦးရဲတင့်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်က သင်တန်းသားသင်တန်းသူများသည် ဌာနလုပ်ငန်းများကို စတင်ထမ်းဆောင်ကြမည့် ဒုတိယဦးစီးမှူးမျာဖြစ်ကြသည့်အတွက် ခရိုင်၊ မြို့နယ်နှင့် မြို့ရုံးများ၏ စာကြည့်တိုက်တာဝန်ခံ၊ စာကြည့်တိုက်မှူးများအဖြစ် ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ စာကြည့်တိုက်မှူးကောင်းများ ဖြစ်လာအောင် ကြိုးစားသင်ယူကြရမည်ဖြစ်သကဲ့သို့ မိမိတို့၏စာကြည့်တိုက်ကို ပြည်သူများ လာရောက်အသုံးပြုသည့်နေရာ၊ အသိပညာ၊ ဗဟုသုတများ ရှာမှီးရာနေရာ၊ အားကိုးယုံကြည်ရာနေရာ ဖြစ်လာအောင် တီထွင်ကြံဆလုပ်ကိုင်ကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ပြည်သူ့စာကြည့်တိုက် လုပ်ငန်းများကို Digital Library Management System (DLMS) ဖြင့် စာစုလုပ်ငန်း၊ စာပြုလုပ်ငန်းနှင့် စာငှားလုပ်ငန်း စသည့်ပြည်သူ့စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းများကိုလည်း အောင်မြင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သင်တန်းတွင် သင်ကြားပေးသည့် ဘာသာရပ်များသာမက ပိုမိုကောင်းမွန်သည့် တီထွင်ဆန်းသစ်မှုများကို အမြဲလေ့လာသင်ယူ၍ လက်တွေ့လုပ်ငန်းများတွင် အကျိုးရှိရှိပြန်လည်အသုံးချပြီး ဝန်ကြီးဌာနနှင့် ဦးစီးဌာနတို့၏ ရည်မှန်းချက်တာဝန်များ အောင်မြင်စေရေးအတွက် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးဦးရဲတင့်က သင်တန်းတွင် ထူးချွန်ဆုများရရှိခဲ့ကြသည့် ပထမဆုရရှိသည့် လွိုင်လင်ခရိုင်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ဆုရည်ထွေး၊ ဒုတိယဆုရရှိသည့် သုတေသနနှင့်သတင်းအချက်အလက်ဌာနခွဲမှ ဒုတိယဦးစီးမှူးဦးမိုးဝေအောင်၊ တတိယဆုရရှိသည့် ကွန်ဟိန်းမြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ရွှန်းမျက်သွယ်နိုင်တို့ကို ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်းလက်မှတ်များကို သင်တန်းသားများကိုယ်စား သင်တန်းသားခေါင်းဆောင်ထံ ပေးအပ်သည်။
ယခု လုပ်ငန်းခွင်အကြို လေ့ကျင့်ရေးသင်တန်းကို သုံးပတ်ကြာဖွင့်လှစ်သင်ကြားပြီး သင်တန်းသားသင်တန်းသူ ၂၇ ဦး တက်ရောက်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သင်တန်းနည်းပြများက ဦးစီးဌာန၏ မူဝါဒနှင့်အခန်းကဏ္ဍ၊ ရည်မှန်းချက်တာဝန်များ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ ရုံးလုပ်ငန်းလက်စွဲ၊ ဘဏ္ဍာရေးစည်းမျဉ်း၊ ငွေစာရင်းထိန်းသိမ်းနည်း၊ စာကြည့်တိုက်လုပ်ငန်းများ စီမံခန့်ခွဲရေး၊ Digital Library Management System (DLMS) အသုံးပြုနည်း၊ သတင်းအမှန်များကို ပြည်သူများ အချိန်နှင့်တစ်ပြေးညီသိရှိနိုင်စေရေး လျင်မြန်စွာထုတ်ပြန်နိုင်စေရန်နှင့် မီဒီယာကျင့်ဝတ်နှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရန် သတင်းအပြန်အလှန်စီးဆင်းရေး၊ မီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု(MIL)၊ လူမှုမီဒီယာ (Social Media) သိကောင်းစရာများ၊ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ၊ သတင်းမီဒီယာ ဥပဒေ၊ နည်းဥပဒေနှင့် ပြည်သူ့ဆက်ဆံရေးဘာသာရပ်များကို စာတွေ့၊ လက်တွေ့သင်ကြားပို့ချ ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းဝင်း (ပြန်/ဆက်)