ရန်ကုန် စက်တင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်အတွင်းရှိ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ဒဂုံမြို့နယ် အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်း ဦးဘလွင်ခန်းမ၌ ကျင်းပသည်။
လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲတွင် ရန်ကုန်အနောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စန္ဒာမိုးက ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းခန့်သွင်က မုဒိတာစကား ပြောကြားသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်မှူးဒေါ်စန္ဒာမိုးက “လူငယ်နှင့်စာရိတ္တပညာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အ.ထ.က(၂)ကျောင်းအုပ်ဆရာကြီး ဦးကိုကိုနိုင်က “လူငယ်နှင့် ပညာရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာရေးဆရာမ သင်းလဲ့လဲ့ထွန်းက “လူငယ်နှင့်မူးယစ်ဆေးဝါး” ခေါင်းစဉ်ဖြင့် လည်းကောင်း ဟောပြောဆွေးနွေးခဲ့သည်။
ထို့နောက် ဒုတိယမြို့နယ်ပညာရေးမှူး ဦးထွန်းလွင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားသို့ ကျောင်းသားကျောင်းသူစုစုပေါင်း ၃၀၀ ခန့် တက်ရောက်ကြပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးစာအုပ်၊ စာစောင်များနှင့် နံရံကပ်စာစောင်များကို တက်ရောက်လာကြသည့် ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုကြကြောင်း သိရသည်။
မိုးမိုးခိုင်(ပြန်/ဆက်)