မိုးနှောင်းရာသီ စက်တင်ဘာလ၊ အောက်တိုဘာလ၊ နိုဝင်ဘာလများတွင် ဘင်္ဂလားပင်လယ်အော်အတွင်းရှိ ဥများဖြင့် ပြည့်ဝနေသော ငါးသလောက်ကြီးများသည် ဥချသားပေါက်ရန်အတွက် ဧရာဝတီမြစ်လက်တက်အတွင်းရှိ ရေချိုရေငန်စပ်နှင့် ရေချိုမြစ်ချောင်းများအတွင်းသို့ စတင်ဝင်ရောက်လာပြီဖြစ်ပါသဖြင့် ဧရာဝတီတိုင်း ဒေသကြီးအတွင်း ရပ်ကွက်၊ ကျေးရွာများမှ ရေလုပ်သားများ၊ ငါးဒိုင်များနှင့် အများပြည်သူများသိရှိစေရန် ပညာပေးနှိုးဆော်အပ်ပါသည်။
အဆိုပါ ငါးသလောက်ငါးမျိုးသည် ဆယ်လမွန်ငါးကဲ့သို့ ပင်လယ်တွင်နေထိုင်ပြီး သားပေါက်ရန်အတွက် ရေချိုဒေသသို့ ပြန်လာသည့် (Anadromous) ငါးမျိုးစိတ်ဖြစ်သည်။ ငါးသလောက်သည် ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၁၁ နိုင်ငံတွင်သာတွေ့ရှိရပြီး အဓိက ဖမ်းဆီးရသည်မှာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် မြန်မာနိုင်ငံ သုံးနိုင်ငံတွင် သာ အများဆုံးဖမ်းဆီးရမိသည်။
ငါးလုပ်ငန်းဦးစီးဌာနက ငါးသလောက်ငါးမျိုးများ ထိန်းသိမ်းရေးနှင့် ဈေးကွက်မြှင့်တင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၁၁-၁-၂၀၂၂ ရက်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ငါးသလောက်သားပေါက်သည့်နေရာ ၁၁ ခုအား တစ်နှစ်ပတ်လုံး ငါးဖမ်းဆီးခြင်းမပြုရန်၊ ဘေးမဲ့ဧရိယာအဖြစ်သတ်မှတ်ရန်၊ ဥဆောင် ငါးသလောက်များ ရွှေ့ပြောင်းသွားလာရာ လမ်းကြောင်းအား ရာသီအလိုက်ပိတ်ပင်ရန်အတွက် တိုးမြစ်ကြောင်း၊ ဘိုကလေးမြစ်ကြောင်း၊ ပြန်မလော့မြစ်ကြောင်းနှင့် ရွေးမြစ်ကြောင်းတို့အား ရာသီအလိုက် ငါးဖမ်းဆီးခြင်းမပြုလုပ်ရန် သတ်မှတ်ထားသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၂-၃-၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၆/၂၀၂၂) ဖြင့် ငါးသလောက်သားပေါက်များ ရှင်သန်ကြီးထွားစေရန် ဧရိယာ ၁၁ နေရာအား ဘေးမဲ့ဇုန်အဖြစ် သတ်မှတ်ပြီး မည်သည့်ငါးမျိုးမှ ဖမ်းဆီးခြင်းမပြုရန် တားဖြစ်ထားပါ သည်။ တားမြစ်ဧရိယာ ၁၁ ဇုန်မှာ မအူပင်မြို့နယ် ပန်းလှိုင်ချောင်းဝ ဘေးမဲ့ဇုန်၊ ငါးဖယ်အိုသောင်ဘေးမဲ့ဇုန်၊ တလုပ်လှအရှေ့သောင်၊ ပန်းတနော်မြို့နယ် အထက်ကဇင်းတောသောင်၊ ညောင်တုန်းမြို့နယ် ဝဲကြီးသောင်၊ ဓနုဖြူမြို့နယ် ဇကာကြီးသောင်၊ ဇလွန်မြို့နယ် နန်းတော်ကျွန်းသောင်၊ ဟင်္သာတမြို့နယ် ဖောင်ဆိပ်သောင်၊ အင်္ဂပူ မြို့နယ်ပြည်သိန်းတန်သောင်၊ ငါးသိုင်းချောင်းမြို့နယ် လှေတင်သောင်၊ သာပေါင်းမြို့နယ် ကြာကန်သောင်ဘေးမဲ့ဇုန် ၁၁ ခု သတ်မှတ်ထားသည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၂-၃-၂၀၂၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၇/၂၀၂၂) ဖြင့် တိုးမြစ်ကြောင်း၊ ဘိုကလေး-ရာဇူတိုင်မြစ်-ဧရာဝတီမြစ်ကြောင်း၊ ရွေးမြစ်ကြောင်းနှင့် ပြန်မလော့ မြစ်ကြောင်း လေးခုကို ငါးသလောက်ငါးမျိုး ထိန်းသိမ်းရေးဧရိယာ အဖြစ် သတ်မှတ်ပြီး ငါးသလောက်များ ဥချသားပေါက်ရန် ရေချိုသို့ တက်ရောက်လာသည့် နှစ်စဉ်စက်တင်ဘာလ ၁၅ ရက်နေ့မှ အောက်တိုဘာလ ၁၅ ရက်နေ့အထိ ငါးသလောက်ဖမ်းဆီးခြင်း မပြုရန် ပိတ်ပင်တားမြစ်ထားသည်။
သို့ဖြစ်ပါ၍ ပင်လယ်ပြင်မှ ဥချသားပေါက်ရန် တက်ရောက်လာသော ငါးသလောက်ငါးမျိုးများကို တားမြစ်ထားသော မြစ်ကြောင်း လေးကြောင်းတွင် စက်တင်ဘာ ၁၅ ရက်မှ အောက်တိုဘာ ၁၅ ရက်အတွင်း ဖမ်းဆီးခြင်းမပြုဘဲ ဘေးမဲ့ပေးကြပါရန် အသိပေးနှိုးဆော် အပ်ပါသည်။ ထို့အပြင် ပေါက်ပွားလာသော ငါးသလောက်သားပေါက်များ ဆက်လက်ရှင်သန်ကြီးထွားနိုင်ရေးအတွက် တားမြစ်ထားသော ဘေးမဲ့ဧရိယာ ၁၁ နေရာတွင်လည်း မည်သည့်ငါးမျိုးမှ ဖမ်းဆီးခြင်းမပြုလုပ်ကြရန် နှိုးဆော်အပ်ပါကြောင်းနှင့် ၂၀၁၈ ခုနှစ် ဧရာဝတီ တိုင်းဒေသကြီး ရေချိုငါးလုပ်ငန်းဥပဒေပုဒ်မ (၄၇) အရ တားမြစ်ထားသော ငါးဖမ်းနည်း၊ ငါးဖမ်းကိရိယာဖြင့် ငါးဖမ်းခြင်း၊ တားမြစ်ထားသော ငါးမျိုးငါးအရွယ်အစားကို ဖမ်းခြင်း၊ တားမြစ်ထားသော အချိန်ကာလနှင့်နေရာဒေသတွင် ငါးဖမ်းခြင်းမပြုလုပ်ရန်တားဖြစ်ထားပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက ယင်းဥပဒေပုဒ်မ (၆၂) အရထောင်ဒဏ် နှစ်နှစ်ထိဖြစ်စေ၊ ငွေဒဏ်ကျပ် ၂၀၀၀၀ဝိ/-ထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေကျခံစေရမည်ကို ဖော်ပြပါရှိပါကြောင်း အများပြည်သူသိရှိလိုက်နာကြစေရန် အသိပေးနှိုးဆော်အပ်ပါသည်။
မအူပင်ခရိုင်ငါးလုပ်ငန်းဦးစီးဌာန
မအူပင်မြို့