ရန်ကုန် စက်တင်ဘာ ၂၁
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန သုတေသနနှင့်တီထွင် ဆန်းသစ်မှုဦးစီးဌာန၊ အမျိုးသားစံချိန်စံညွှန်းနှင့် အရည်အသွေးဌာန၊ တိကျစွာတိုင်းတာခြင်း နည်းပညာသိပ္ပံ(မြန်မာ)ကကြီးမှူး၍ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်သည့် တိကျစွာတိုင်းတာခြင်း နည်းပညာဆွေးနွေးပွဲ (China-Myanmar Cooperation Symposium on Metrology) ဖွင့်ပွဲအခမ်းအနားကို ယနေ့တွင် ရန်ကုန်မြို့ရှိ Melia Hotel ၌ ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် တက်ရောက်အဖွင့်အမှာစကားပြောကြားသည်။
ဖွင့်ပွဲအခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ UMFCCI ဒုတိယဥက္ကဋ္ဌ၊ တိကျစွာတိုင်းတာ ခြင်းနည်းပညာသိပ္ပံ(တရုတ်)၊ တိကျစွာတိုင်းတာခြင်း နည်းပညာသိပ္ပံ(ကွမ်ရှီး)နှင့် တိကျစွာတိုင်းတာခြင်း နည်းပညာသိပ္ပံ(မြန်မာ)တို့မှ ကျွမ်းကျင်ပညာရှင်များ၊ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ စက်ရုံအလုပ်ရုံများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် မြန်မာကိုယ်စားလှယ်များက မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် အရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံနှင့် တိကျစွာတိုင်းတာခြင်းနည်းပညာသိပ္ပံ (မြန်မာ)၏ စံကိုက်ညှိမှုဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများကိုဆွေးနွေးကြပြီး တရုတ်ကျွမ်းကျင်ပညာရှင်များက မြန်မာ-တရုတ် ပူးတွဲသုတေသနလုပ်ငန်းများ၊ အလျားတိုင်းတာခြင်းဆိုင်ရာ တိကျစွာတိုင်းတာခြင်းနည်းပညာ (Dimensional Metrology)၊ အပူချိန်တိုင်းတာခြင်းဆိုင်ရာတိကျစွာ တိုင်းတာခြင်းနည်းပညာ (Temperature Metrology)တို့ကို အသိပညာပေးဆွေးနွေးသည်။ ယင်းနောက်လုပ်ငန်းရှင်များက စက်မှုကုန်ထုတ် လုပ်ငန်းများအတွက် တိုင်းတာခြင်းဆိုင်ရာလိုအပ်ချက်များကို ဆွေးနွေးတင်ပြကြပြီး တိကျစွာတိုင်းတာခြင်းနည်းပညာဖြင့် စက်မှုလက်မှုလုပ်ငန်းများသို့ ပံ့ပိုးနိုင်မည့်နည်းလမ်းများ ခေါင်းစဉ်ဖြင့် Stake-holder များနှင့် စကားဝိုင်းဆွေးနွေးပွဲပြုလုပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်သို့ ရောက်ရှိပြီး၍ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကို နိုင်ငံတကာအဆင့်မီ သုတေသနအခြေပြု တက္ကသိုလ်ကြီးတစ်ခု ဖြစ်ပေါ်လာစေရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးနိုင်ရေး၊ တက္ကသိုလ်၏ သင်ကြားသင်ယူဆောင်ရွက်နေမှုများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ သုတေသနဆောင်ရွက်နေမှုများ၊ ဆရာဆရာမများ၏ စွမ်းဆောင်ရည်မြှင့်တင်မှုဆိုင်ရာ မွမ်းမံသင်တန်းများ ပို့ချနေမှုများ၊ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များ၊ တက္ကသိုလ်၏ ဥပဓိရုပ်ကောင်းမွန်စေရေး၊ သန့်ရှင်း သာယာလှပစေရေး၊ သင်ကြားသင်ယူမှုပတ်ဝန်းကျင် ကောင်းများဖြစ်ပေါ်စေရေးတို့ကို မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကိုရီးယားနိုင်ငံ၊ Electronics and Telecommunications Research Institute(ERTI) အဖွဲ့အစည်းနှင့် ပူးပေါင်း၍ Robotics Programming Knowledge Sharing Seminar ကို ကြည့်ရှုအားပေးပြီး တက္ကသိုလ်ရှိ စာကြည့်တိုက်၊ သုတေသနဆောင်ရွက်နေမှု၊ အခြေခံအဆောက်အအုံများနှင့် အသစ်ဆောက်လုပ်လျက်ရှိသော ကျောင်းသားကျောင်းသူအိပ်ဆောင်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်