Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း ကယားပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ အားကစားကွင်းနှင့် အားကစားရုံများ လှည့်လည်ကြည့်ရှုပြီး ပြည်နယ်ဝန်ကြီးချုပ်ဖလား ဘော်လီဘောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲတက်ရောက်

လွိုင်ကော် စက်တင်ဘာ ၂၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်းသည် ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်နယ်ကြက်တောင် အားကစားရုံ၌ ကယားပြည်နယ် အားကစားနှင့်ကာယ ပညာဦးစီးဌာနရှိ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ထိုက်တန်စွာချီးမြှင့်ပေးအပ်

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က နိုင်ငံတော်အနေဖြင့် အားကစားကဏ္ဍကို ဘက်စုံကဏ္ဍစုံမှ မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံ့ဂုဏ်ဆောင် ထူးချွန်အားကစားသမားများကိုလည်း ထိုက်တန်စွာချီးမြှင့် ပေးအပ်လျက်ရှိကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိကျရာတာဝန်များကိုကျေပွန် စွာထမ်းဆောင်ကြရန်နှင့် ပြည်နယ်အတွင်းရှိ အားကစားဝါသနာရှင်များကလည်း နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား ကောင်းများဖြစ်အောင် ကြိုးစားသွားကြစေလိုကြောင်း ပြောကြားသည်။

ဆွေးနွေးတင်ပြ

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အားကစားနှင့်လူငယ်ရေးရာကဏ္ဍ ဆောင်ရွက်မှုများ၊ ပြည်နယ်အတွင်း အားကစားကွင်းများ ဆောင်ရွက်ထားရှိမှု၊ ထူးချွန်အားကစားသမားများ မွေးထုတ်ပေးနိုင်မှုကို ဆွေးနွေးတင်ပြပြီး ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးက ပြည်နယ်အတွင်း အားကစားဆိုင်ရာလုပ်ငန်း ဆောင်ရွက်ချက်များကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က နိဂုံးချုပ်အမှာစကားပြောကြားပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အားကစားကွင်း၊ အားကစားရုံအတွင်းရှိ အားကစားပွဲကြည့်စင်များနှင့် မီတာ ၄၀၀ ပြေးလမ်းတို့ကို လှည့်လည်ကြည့်ရှုကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်နယ်ကရာတေး အားကစားရုံ၌ ကျင်းပပြုလုပ်သည့် ကယားပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသား၊ အမျိုးသမီး အသက် ၂၅ နှစ်အောက် ဘော်လီဘောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြပြီးဘောလခဲမြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ် ကိုယ်စားပြုအမျိုးသားဘော်လီဘော ပြိုင်ပွဲဗိုလ်လုပွဲစဉ်ကို ကြည့်ရှုအားပေးကြသည်။

ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်

ယင်းနောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအမျိုးသား၊ အမျိုးသမီးအားကစားသမားများနှင့် အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသည့် ဒီးမော့ဆိုမြို့နယ်အသင်းနှင့် ဖရူဆိုမြို့နယ်အသင်း၊ အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ပူးတွဲတတိယဆု ရရှိသည့် လွိုင်ကော်မြို့နယ်အသင်းနှင့် ဖရူဆိုမြို့နယ်အသင်း၊ အမျိုးသမီးဘော်လီ ဘောပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် လွိုင်ကော်မြို့နယ်အသင်း၊ အမျိုးသား ဘော်လီဘောပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ဘောလခဲမြို့နယ်အသင်း၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရှားတောမြို့နယ်အသင်းနှင့် အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဒီးမော့ဆိုမြို့နယ်အသင်းတို့ကို ဆုတံဆိပ်၊ တံခွန်စိုက်ဆုဖလားနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြပြီး ဆုရအားကစားသမားများနှင့် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်