နေပြည်တော် စက်တင်ဘာ ၂၁
မြန်မာနိုင်ငံ၏ ခရီးသွားရာသီ မကြာမီစတင်တော့ မည်ဖြစ်ရာ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသများ၊ သဘာဝအခြေခံခရီးသွားလုပ်ငန်းများနှင့် သာယာလှပသည့် ခရီးစဉ်ဒေသများစွာ ပိုင်ဆိုင်ထားသည့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ကြမည့် ပြည်တွင်းပြည်ပ ခရီးသွားများအတွက် ဦးစားပေးသွားရောက်လည်ပတ်နိုင်သည့် ခရီးစဉ်ဒေသ ၁၄ ခုကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက အကြံပြုချက်ထုတ်ပြန်ထားသည်။
သမိုင်းဝင်ဘုရားစေတီပုထိုးများ၊ ရှေးဟောင်းအမွေအနှစ်အဆောက်အအုံများ၊ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များ၊ သာယာလှပကောင်းမွန်သည့် ရာသီဥတုနှင့်တောတောင်ရေမြေသဘာဝများဖြင့် ပြည့်စုံကြွယ်ဝသည့် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများအဖြစ် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ ငွေဆောင်၊ ချောင်းသာ၊ ငပလီ၊ ပြင်ဦးလွင်၊ အင်းလေး၊ ကလော-တောင်ကြီး၊ ကော့သောင်း၊ ကျောက်ဖြူ၊ မာန်အောင်၊ ပူတာအိုစသည့် ခရီးစဉ်ဒေသ ၁၄ ခုတို့၏ ခရီးသွားဆွဲဆောင်ရာနေရာများသို့ ဦးစားပေးသွားရောက်လည်ပတ်နိုင်ရန် ဝန်ကြီးဌာနက အကြံပြုထားသည်။
အဆိုပါခရီးစဉ်ဒေသ ၁၄ ခု၏ ဒေသတစ်ခုချင်းစီအလိုက် ခရီးသွားဆွဲဆောင်ရာနေရာများနှင့် သွားလာလည်ပတ်ရာတွင် ဆောင်ရွက်နိုင်မည့် ဖော်ပြချက်များကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ website များဖြစ်သော www.tourism. gov.mm နှင့် www.tourisminmyanmar. com တို့တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ ပွင့်လင်းရာသီကာလတွင် အလည်အပတ်ခရီးသွားရန် အကောင်းဆုံးဖြစ်သော်လည်း ပထဝီဝင်အနေအထားအရ မြန်မာပြည်မြောက်ဖျားပိုင်းတွင် နှင်းဖုံးသော ကချင်တောင်တန်းများ၊ အလယ်ပိုင်းတွင် ပုဂံရှေးဟောင်းအမွေအနှစ်ဒေသနှင့် ပုပ္ပားတောင်ခရီးစဉ်ဒေသ၊ တောင်ဘက်ပိုင်းတွင် မြိတ်ကျွန်းစု၊ ငပလီ၊ ငွေဆောင်၊ ဂွကဲ့သို့သော သာယာလှပသည့် ပင်လယ်ကမ်းခြေခရီးစဉ် ဒေသများကိုပိုင်ဆိုင်ထားသဖြင့် တစ်နှစ်ပတ်လုံး အပန်းဖြေလည်ပတ်နိုင်သည့်ခရီးစဉ်ဒေသများစွာ ရှိသည်။
လာမည့်ခရီးသွားရာသီတွင် ကမ္ဘာလှည့်ခရီးသွားများ ပိုမိုလွယ်ကူစွာလာရောက်လည်ပတ်နိုင်စေရေး အတွက် ပြည်ဝင်ခွင့်ဗီဇာစနစ်နှင့် ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်များ ဖြေလျှော့ပေးခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိရာ တရုတ်ခရီးသွားများအတွက် ဆိုက်ရောက်ဗီဇာလျှောက်ထားမှုကို ၂၀၂၃ ခုနှစ် ဩဂုတ် ၃၀ ရက်က စတင်ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ ထို့အတူ ဝန်ကြီးဌာနအနေဖြင့် လိုင်စင်ရခရီးသွားကုမ္ပဏီများ၏စီစဉ်မှုဖြင့် လာရောက်လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသည်များအား ခရီးစဉ် အဆင်ပြေချောမွေ့စေရေး ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဇူလိုင်လ ကုန်အထိ ကမ္ဘာလှည့်ခရီးသည်ပေါင်း ၇၁၆၂ ဦးတို့၏ ခရီးစဉ်များကို ညှိနှိုင်းဆေင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ စာရင်းဇယားများအရ ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ လေကြောင်း၊ ရေကြောင်းခရီးစဉ်များနှင့် နယ်စပ်ဝင်ထွက်ဂိတ်များမှတစ်ဆင့် လာရောက်သည့် ကမ္ဘာ့လှည့်ခရီးသည် စုစုပေါင်း ၉၂၀၂၅ ဦး ရှိခဲ့ပြီး ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နှစ်ရာခိုင်နှုန်းအောက်ကျဆင်းလာမှုနှင့်အတူ လာမည့်ပွင့်လင်းရာသီတွင် ကမ္ဘာလှည့်ခရီးသွား ပိုမိုလာရောက် လာပတ်မည်ဟု မျှော်လင့်ရသည်။
သီဟစည်သူ