Skip to main content

ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းကော်မတီ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် စက်တင်ဘာ ၂၀

ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းကော်မတီ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးထွန်းအုံက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများသည် ရေရှည်စဉ်ဆက်မပြတ် ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်ဖြစ်သဖြင့်ပြည်သူတစ်ရပ်လုံး ပတ်ဝန်းကျင်ဆိုင်ရာ အသိအမြင်များ ပိုမိုပြည့်ဝလာပြီး ပူးပေါင်းပါဝင်လိုစိတ်များ ပိုမိုထက်သန်လာစေရေးအတွက် အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ရာသီဥတုပြောင်းလဲမှု လျှော့ချနိုင်ရေး အတွက် အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မည့်အစီအစဉ် (Nationally Determined Contributions-NDCs) အစီရင်ခံစာပါကဏ္ဍအလိုက် ရည်မှန်းချက်များနှင့် ကတိကဝတ်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေးအတွက် ကော်မတီအဖွဲ့ဝင် သက်ဆိုင်ရာဌာနများက အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပါ ကြောင်း။

အိုဇုန်းလွှာကို ပျက်စီးစေသော ဒြပ်ပစ္စည်းဖြစ်သည့် ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFC R-22) အသုံးပြုသည့် မြင်းကောင်ရေ ၂ ဒသမ ၅ နှင့်အောက်ရှိ လေအေးပေးစက်တင်သွင်းမှုကို ရပ်ဆိုင်းနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ကော်မတီ၏လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သော အမျိုးသားမြေပေါ်ရေ အရည်အသွေး စံချိန်စံညွှန်း ရေးဆွဲထုတ်ပြန်နိုင်ရေးအတွက် အပြီးသတ်မူကြမ်းကို ရေးဆွဲနိုင်ခဲ့ပြီဖြစ်သည့်အတွက် ယခုအစည်းအဝေးတွင် မှတ်တမ်းတင်သွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်က ချမှတ်အတည်ပြုထုတ်ပြန်ပြီးဖြစ်သည့် ပတ်ဝန်းကျင်နှင့် ရာသီဥတုဆိုင်ရာမူဝါဒများ၊ မဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ်များကို ဗဟိုအဆင့်၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်နှင့် သက်ဆိုင်ရာကဏ္ဍအသီးသီးတွင် ပိုမိုထိရောက်စွာ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် ပြောကြားသည်။

ဆက်လက်၍ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် လုပ်ငန်းကော်မတီဝင်များက လုပ်ငန်းကော်မတီ ပထမအကြိမ်နှင့် ဒုတိယအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်တိုးတက်မှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြသည်။

အစည်းအဝေးသို့ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် လုပ်ငန်းကော်မတီဝင်များဖြစ်သည့် သက်ဆိုင်ရာဌာနများမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်