Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ဒဂုံတက္ကသိုလ်နှင့် ရန်ကင်းပညာရေးဒီဂရီကောလိပ်တို့ကို ကြည့်ရှုစစ်ဆေး

ရန်ကုန် စက်တင်ဘာ ၂၀

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် အဆင့်မြင့်ပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံတက္ကသိုလ်သို့ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများ တတိယနှစ် ရူပဗေဒ၊ သင်္ချာနှင့် ဘူမိဗေဒဘာသာရပ်၊ စတုတ္ထနှစ် သတ္တဗေဒဘာသာရပ်များ ဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဒဂုံတက္ကသိုလ်စာကြည့်တိုက်ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ဒဂုံတက္ကသိုလ် အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမာက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများနှင့်တွေ့ဆုံပြီး ကျင်းပပြီးစီးခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) မှ ရှေ့လုပ်ငန်း အစီအမံများ ပေါ်ထွက်လာရာ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေရေးနှင့် အနည်းဆုံး KG+9 ပြီးမြောက်ရေးကို ဦးတည်ဆောင်ရွက်ရေး၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တွဲဖက်အထက်တန်းကျောင်းများကို ခရိုင် ၅၀ တွင် ၅၁ ကျောင်း ဖွင့်လှစ်သင်ကြားလျက်ရှိပြီး လာမည့်ပညာသင်နှစ်တွင် ထပ်မံတိုးချဲ့ဖွင့်လှစ်ရေး၊ တက္ကသိုလ်ဥပဓိရုပ်ကောင်းမွန်ရေးနှင့် သန့်ရှင်းသာယာလှပရေး၊ တက္ကသိုလ်အင်္ဂါရပ်များဖြစ်သော ဘွဲ့နှင်းသဘင်ခန်းမ၊ စာကြည့်တိုက်၊ အပန်းဖြေရိပ်သာ၊ အနုပညာခန်းမနှင့် အားကစားရုံ၊ အားကစားပစ္စည်းများ ပြည့်စုံရေးနှင့် ကျောင်းသား ကျောင်းသူအိပ်ဆောင်များ လုံလောက်မှုရှိစေရေး၊ သင်ကြားသင်ယူမှုမြှင့်တင်ရန် စဉ်းစားတွေးခေါ်မှုဆိုင်ရာ အရည်အသွေး ငါးမျိုးကို ဦးတည်သော Project-based Learning ဖော်ဆောင်ရေး၊ တိုင်းရင်းသားဒေသများရှိ တိုင်းရင်းသားများကို စာသင်ကြားရာတွင် ဘာသာစကားအခက်အခဲမရှိစေရန် ဒေသခံတိုင်းရင်းသား ဆရာ ဆရာမ TA, LT များပါဝင် ဆောင်ရွက်ရေး ဆောင်ရွက်နေသည့်အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်းက တက္ကသိုလ်ဥပဓိရုပ်ကောင်းမွန်ရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ကိစ္စများကို ရှင်းလင်းပြောကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရန်ကင်းပညာရေးဒီဂရီကောလိပ်သို့ရောက်ရှိပြီး ကျောင်းခြံစည်းရိုး အုတ်တံတိုင်းကာရံနေမှု၊ သင်တန်းသား ၂၀၀ ဆံ့ လေးထပ်ဆောင် ဆောက်လုပ်နေမှုနှင့် စားရိပ်သာဆောင်အခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်