နေပြည်တော် စက်တင်ဘာ ၂၀
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေးဟောပြောပွဲ၊ ပြပွဲနှင့်ပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီက နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ အမှတ် (၁၂) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး ရွှေမိုး၊ ငွေမိုးသီချင်း၊ ရွှေညာသူ ရွှေညာသား သီချင်းများဖြင့် သရုပ်ဖော် ဖျော်ဖြေတင်ဆက်ကြသည်။
ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က အမှာစကားပြောကြားရာတွင် နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်ကို ပခုံးပြောင်းတာဝန် ထမ်းဆောင်ကြမည့် လူငယ်များအနေဖြင့် ငယ်ရွယ်စဉ်ပညာ သင်ယူချိန်ကာလကတည်းက အခြေခံကောင်းများရှိမှသာ မိမိဘဝ၊ မိသားစုနှင့် ပတ်ဝန်းကျင် အပါအဝင် နိုင်ငံတော်အတွက် ကောင်းကျိုးပြုနိုင်ကြမည်ဖြစ်ကြောင်း၊ အတတ်ပညာ အသိပညာပြည့်စုံပြီး ကျန်းမာကြံ့ခိုင်သော စိတ်ဓာတ်ကောင်းမွန်သော လူငယ်များဖြစ်အောင် ကြိုးစားကြရန် လိုအပ်ကြောင်း၊ မိဘများနှင့် ဆရာ ဆရာမများ၏ သွန်သင်ဆုံးမမှုအောက်တွင် သားသမီးဝတ်၊ တပည့်ဝတ်များနှင့်အညီ ပညာကိုကြိုးစားသင်ယူကြစေလိုကြောင်း၊ အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက ဆိုသည့်စကားနှင့် ကျောင်းများ၏ ဆောင်ပုဒ်ဖြစ်သည့် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာဆိုသည့်အတိုင်း စိတ်ဓာတ်နှင့် စည်းကမ်းကောင်းပြီး နိုင်ငံတော်ကအားထားရမည့် သားကောင်းရတနာများ၊ ဗလငါးတန်ပြည့်ဝပြီး ဘက်စုံထူးချွန်သည့် လူငယ်များဖြစ်အောင် ကြိုးစားကြရန်နှင့် မိဘ၊ ဆရာ ဆရာမများကလည်း ဝိုင်းဝန်းပြုစု ပျိုးထောင်ပေးကြပါရန် တိုက်တွန်းမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးက ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးဒေါ်ချိုချိုက လက်ခံရယူသည်။ ဆက်လက်၍ တေးသီချင်းများဖြင့် သရုပ်ဖော် ဖျော်ဖြေတင်ဆက်ကြသည့် အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် စာရေးဆရာရဲမွန်ကျော်က ကျောင်းသား ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဉ်ဖြင့် လူငယ်အသိပညာပေးဟောပြောပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးချုပ်မှ ဖျော်ဖြေရေးတီးဝိုင်းအဖွဲ့က ဖျော်ဖြေရေးအစီအစဉ်များဖြင့် သီဆိုတင်ဆက်ကြသည်။
ထို့နောက် ခန်းမအပြင်ဘက်တွင် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်ရှိသည့် အထင်ကရနေရာများကို ကျောင်းသား ကျောင်းသူ လူငယ်များကို ဗဟုသုတရရှိစေရန် ‘‘လှပသာယာပြည်မြန်မာ’’ ရောင်စုံ ဓာတ်ပုံပြဘုတ်များ ခင်းကျင်းပြသခြင်း၊ ကျောင်းသား ကျောင်းသူ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့်ပတ်သက်သည့် အသိပညာပေး စာအုပ်စာစောင်များ ဖတ်ရှုနိုင်ရန် လူထုအခြေပြုဗဟိုဌာန (ပျဉ်းမနား) က ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်း၊ စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းနှင့် မြားပစ်ပြိုင်ပွဲ၊ စက်ပန်းလှည့်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲနှင့် ခွက်နင်းလမ်းလျှောက်ပြိုင်ပွဲများ ပြုလုပ်ပေးခြင်း စသည့်ပျော်ရွှင်ဖွယ်ဂိမ်းများကစား၍ အနိုင်ရရှိသူများအား အမျိုးသားစာပေဆုရှင် ဆရာစိုးတင့် (ဧရာဝတီ) မိသားစုကလှူဒါန်းသော စာရေးကိရိယာနှင့် စားသောက်ဖွယ်ရာများ ချီးမြှင့်ပေးအပ်ရာ ကျောင်းသားကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
သတင်းစဉ်