Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်း လုပ်ငန်းဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေး

တံတားဦး စက်တင်ဘာ ၁၃

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်သည် ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိပြီး အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဝန်ထမ်းများအနေဖြင့် ပြည်သူများနှင့် ထိတွေ့ရာတွင် ဆက်ဆံရေးကောင်းမွန်ပြေပြစ်ရေး၊ လုံခြုံရေးကောင်းမွန်ရေး၊ ID နှင့် ပတ်သက်သည့် နည်းပညာများလေ့လာရေး၊ ထို့အပြင် ဘာသာစကားနှင့်ပတ်သက်ပြီး ကျွမ်းကျင်ရေး၊ အမြဲလေ့လာရေးတို့ကို ဆွေးနွေးပြောကြားသည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစောနိုင်၊ မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မင်း၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်ကြည်နှင့် တာဝန်ရှိသူများက ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်းရှိ ပြည်ပထွက်ခွာကောင်တာ၊ ပြည်ပဆိုက်ရောက်ကောင်တာ၊ ဒေတာစင်တာခန်းနှင့် ဆိုက်ရောက်ပြီး ထုတ်ပေးရေး ဗီဇာရုံးခန်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြောင်း သိရသည်။

ဦးရဲတင့် (ပြန်/ဆက်)