နေပြည်တော် စက်တင်ဘာ ၁၂
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၃) ကို ယမန်နေ့မွန်းလွဲ ၁ နာရီက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်း ဆပ်ကော်မတီဥက္ကဋ္ဌ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က နိုင်ငံတော်အစိုးရ၏ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့မှု၊ အကောင်အထည်ဖော် ရေးလုပ်ငန်းကော်မတီ ဖွဲ့စည်းဆောင်ရွက်ခဲ့မှု အဆင့်ဆင့်နှင့် လုပ်ငန်းကော်မတီလက်အောက်ရှိ ဆပ်ကော်မတီ(၇)ခု ဖွဲ့စည်းထားရှိမှု၊ သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်း ဆပ်ကော်မတီ ၏ ဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းတာဝန်များကို ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်း စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကိစ္စများနှင့်စပ်လျဉ်း၍ ဆွေးနွေး ပြောကြားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ဆပ်ကော်မတီဝင် ဦးစီးဌာနများမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ဆောင်ရွက်ရန်လျာထားသည့် လုပ်ငန်းစီမံကိန်းများ ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးနှင့် တက်ရောက်လာသူများက အကြံပြုဆွေးနွေးကြသည်။
အစည်းအဝေးသို့ ဆပ်ကော်မတီဝင် ဦးစီးဌာနများဖြစ်သည့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေး ဦးစီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီး ဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်