နေပြည်တော် စက်တင်ဘာ ၁၂
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန Academy for International Business Off-icials (AIBO) တို့ပူးပေါင်း၍ အာဆီယံ - တရုတ် လွတ်လပ်သောကုန်သွယ်မှုဒေသ (ACFTA) သဘောတူညီချက်၏ ပင်ရင်းဒေသစည်းမျဉ်းများ အကောင်အထည်ဖော်ရေးနှင့်စပ်လျဉ်းသည့် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ် (၁) ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်ကဆွေးနွေးပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား အာဆီယံ - တရုတ် ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မူဘောင်သဘောတူညီချက်အရ ပြင်ဆင်ထားသောစည်းမျဉ်းများကိုမိတ်ဆက်ရန်၊ ဌာနဆိုင်ရာအရာထမ်းများ၏ ဘာသာရပ်ဆိုင်ရာ အသိပညာတိုးတက်စေရန်၊ သီးသန့်ကုန်စည်စည်းမျဉ်း များနှင့် ပင်ရင်းသက်သေခံ လက်မှတ်ပုံစံများ၊ လုပ်ငန်းဆောင်ရွက်မှု အသိအမှတ်ပြုလုပ်ငန်းစဉ်များ၊ ဖွဲ့စည်းပုံ၊ ပင်ရင်းနိုင်ငံ စည်းမျဉ်းများနှင့်ပတ်သက်သော လုပ်ငန်းများကို ကျွမ်းကျင်စွာ ဆောင်ရွက်တတ်စေရန်နှင့် နားလည်သဘောပေါက်စေရန်၊ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး မြှင့်တင်ဆောင်ရွက်ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Academy for Inter-national Business Officials (AIBO) ၏ ဒုတိယဥက္ကဋ္ဌ Mr. Lei Hao က မိတ်ဆက်အမှာစကားပြောကြားပြီး ရန်ကုန်မြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးသံမှူး Mr. Ouyang Daobing က အဖွင့်အမှာစကား ပြောကြားသည်။
ဆွေးနွေးပွဲသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာထမ်းများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးနှင့် AIBO တို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကျွမ်းကျင်ပညာရှင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနတို့မှ သင်တန်းသား ကိုယ်စားလှယ် ၃၅ ဦး ပါဝင်တက်ရောက်ကြပြီး ဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၅ ရက်အထိ ပြုလုပ်မည်ဖြစ်သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာမှ ကိုယ်စားလှယ်များကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ဖိတ်ခေါ်၍ အရည်အသွေးမြှင့်တင်ရေးဆိုင်ရာ ဆွေးနွေးပွဲများကို ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံ့ဝန်ထမ်းများနှင့် ပုဂ္ဂလိကကဏ္ဍများမှ ကိုယ်စားလှယ် ၄၀၀ ကျော် ပါဝင်တက်ရောက်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်