နေပြည်တော် စက်တင်ဘာ ၉
နိုင်ငံတော်၌ တစ်ဦးတစ်ယောက်ချင်းစီ၏ လူမှုစီးပွားဘဝတိုးတက်လာခြင်းဖြင့် နိုင်ငံ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ထိုသို့ နိုင်ငံ့လူမှုစီးပွားတိုးတက်လာမည်ဆိုပါက နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်နေကြသည့်ဝန်ထမ်းများ၏ ခံစားခွင့်များသည်လည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ ဒေသအလိုက်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက တိုင်းပြည်တိုးတက်လာမည်ဖြစ်သဖြင့် မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်စေရေး ဒေသအလိုက် တာဝန်ထမ်းဆောင်လျက်ရှိသည့် အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများအားလုံး အတူတကွဝိုင်းဝန်းကြိုးပမ်း၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လားရှိုးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် တာဝန်ရှိသူများ၊ လားရှိုးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြသည်။
ဦးတည်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များချမှတ်၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိ
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် တပ်မတော်အနေဖြင့် နိုင်ငံတော်၏ ခေတ်အဆက်ဆက် အမျိုးသားရေးအခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်ခဲ့ရပြီး ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ပြောကြားလိုကြောင်း၊ ယခင်တပ်မတော်အစိုးရလက်ထက်၊ ဒီမိုကရေစီအစိုးရသက်တမ်းနှစ်ခု လက်ထက်များတွင် နှစ်စဉ်အထိမ်းအမှတ်နေ့များ၌ ဦးတည်ချက်များ၊ တပ်မတော်နေ့ဦးတည်ချက်များချမှတ်၍ ဆောင်ရွက်ခဲ့ကြောင်း၊ ရှေးယခင်အစိုးရများလက်ထက်ကလည်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့နှင့်ပတ်သက်၍ ဦးတည်ချက်များချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့်လည်း ၎င်းတို့ဆောင်ရွက်မည့်ကိစ္စရပ်များနှင့် ၎င်းတို့၏မူဝါဒများကို ရွေးကောက်ပွဲအကြိုကာလတွင် မဲဆန္ဒရှင်များအား ချပြစည်းရုံးဆောင်ရွက်ကြရကြောင်း၊ ရွေးကောက်ပွဲကျင်းပပြီး အနိုင်ရရှိသည့်ပါတီသည် အစိုးရအဖွဲ့ကိုဖွဲ့စည်း၍ နိုင်ငံတော်တာဝန်ထမ်းဆောင်ချိန်တွင် မူဝါဒများကိုချမှတ်၍ အကောင်အထည် ဖော်ကြိုးပမ်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ၎င်းတို့၏ မူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုနှင့် နိုင်ငံ့အကျိုးစီးပွားအတွက် ကြိုးပမ်းဆောင်ရွက်နိုင်မှုအပေါ်မူတည်၍ ၎င်းတို့ အစိုးရသက်တမ်းကုန်ဆုံးချိန်တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲ၌မဲရလဒ်များ ရရှိနိုင်မည်ဖြစ်ကြောင်း။
တပ်မတော်အနေဖြင့်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်၏ လိုအပ်ချက်အရ ဥပဒေနှင့်အညီ နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာ၍ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရကြောင်း၊ စတင်ထမ်းဆောင်ချိန်မှစတင်၍ ဦးတည်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက် ခဲ့ကြောင်း၊ ရွေးကောက်ပွဲကိစ္စနှင့်ပတ်သက်သည့် ဦးတည်ချက်များ၊ ကိုဗစ် - ၁၉ ရောဂါနှင့် ပတ်သက်သည့် ဦးတည်ချက်များ၊ နိုင်ငံ့စီပွားမြှင့်တင်ရေး ဦးတည်ချက်များ၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် ဦးတည်ချက်များ၊ ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေး ဦးတည်ချက်များ စသည်ဖြင့် ဦးတည်ချက်များကိုချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း။
မိမိတို့အနေဖြင့် ဦးတည်ချက်များချမှတ်၍ ဆောင်ရွက်ခဲ့သဖြင့် တာဝန်ထမ်းဆောင်ခဲ့သည့် နှစ်နှစ်တာကာလအတွင်း နိုင်ငံအနေဖြင့် ထိုက်သင့်သလောက် တိုးတက်မှုများဖြစ်ပေါ်ခဲ့သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ သို့သော်လည်းမိမိတို့နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများရှိခြင်းကြောင့် ကုန်ဈေးနှုန်း ကြီးမြင့်မှုများဖြစ်ပေါ်ခဲ့ကြောင်း၊ အလားတူ ဘဏ်များပြိုလဲစေရေးအတွက် အဘက်ဘက်မှ ထိုးနှက်တိုက်ခိုက်ခဲ့ခြင်းကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ထိန်းသိမ်းဆောင်ရွက်ခဲ့ရကြောင်း၊ ဘဏ်များပြိုလဲသွားပါက နိုင်ငံစီးပွားကိုထိခိုက်ပျက်စီးစေမည်ဖြစ်သောကြောင့် ငွေကြေးဖောင်းပွမှုများမရှိစေရေး ထိန်းသိမ်းဆောင်ရွက်ခဲ့ရကြောင်း။
မိမိတို့တာဝန်မယူမီကာလအတွင်း နိုင်ငံ၏စီးပွားရေးမှာ အနုတ် ၅ ဒသမ ၈ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ မိမိတို့တာဝန်ယူချိန်မှစတင်၍ ပိတ်ဆို့မှုများကြားမှ စီးပွားရေးတိုးတက်အောင်ဆောင်ရွက်ခဲ့ရာ အတိုင်းအတာတစ်ခုအထိ တိုးတက်လာသည်ကို တွေ့မြင်ရမည်ဖြစ်ပြီး ထပ်မံ၍လည်းတိုးတက်မှုရှိမည်ဟု ခန့်မှန်းကြောင်း၊ နိုင်ငံ၏စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ပိုမိုတိုးတက်လာခြင်းကြောင့် နိုင်ငံ့စီးပွားရေးမြင့်တက်လာခြင်းဖြစ်ကြောင်း၊ ကုန်ဈေးနှုန်းများကြီးမြင့်ရခြင်းမှာ နိုင်ငံတကာမှပိတ်ဆို့မှုများနှင့် ဝိသမလောဘသားအချို့၏ ၎င်းတို့ကိုယ်ကျိုးစီးပွားကိုသာကြည့်၍ လုပ်ဆောင်မှုများကြောင့်ဖြစ်သည်ကို တွေ့ရကြောင်း၊ ထိုသို့ဆောင်ရွက်နေသူများကို ထိုက်သင့်သည့် အရေးယူဆောင်ရွက်မှုများပြုလုပ်ခဲ့သဖြင့် ယခုအခါ ကုန်ဈေးနှုန်းမှာ ကျဆင်းလာပြီဖြစ်ကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေချိန်၌ အဖျက်လုပ်ငန်းများ ဆောင်ရွက်နေသူများလည်းရှိကြောင်း၊ တစ်ဖက်မှကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ တပ်မတော်အနေဖြင့်လည်း နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များကို ချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ရခြင်းမှာလည်း နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့တွင် ယိမ်းယိုင်မှုမရှိစေရေး ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ အဆိုပါအချက်များ အောင်မြင်စေရေး တပ်မတော်သားများအနေဖြင့်လည်း အလေးထားဆောင်ရွက်ရန်လိုကြောင်း၊ ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရန် ဆောင်ရွက်ရာတွင် မဲစာရင်းများမှန်ကန်မှုရှိအောင်နှင့် ဆန္ဒမဲပေးခွင့်ရှိသူ အားလုံးမဲပေးခွင့်ရရှိအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ထို့ကြောင့် ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရရှိလာသည့် အချက်အလက်များအပေါ်မူတည်၍ မဲစာရင်းများထွက်ပေါ်လာမည်ဖြစ်ပြီး သန်းခေါင်စာရင်းများ ကောက်ယူပြီးစီးပါက ရွေးကောက်ပွဲကိုကျင်းပနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ပြုလုပ်သည့် ရွေးကောက်ပွဲသည် လွတ်လပ်၍တရားမျှတပြီး စနစ်တကျရှိသည့် ရွေးကောက်ပွဲဖြစ်ရန်လိုကြောင်း၊ ပြည်သူအားလုံးပါဝင်သည့်၊ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ သန်းခေါင်စာရင်းများ ကောက်ယူပြီးပါက ရွေးကောက်ပွဲကို အဆောလျင်ဆုံးကျင်းပနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သန်းခေါင်စာရင်းများ အောင်မြင်စွာကောက်ယူနိုင်ရေး တပ်မတော်အနေဖြင့် ကူညီဆောင်ရွက်ပေးသွားရမည်ဖြစ်ပြီး နယ်မြေစိုးမိုးရေး၊ နယ်မြေစည်းရုံးရေးအတွက် ဆောင်ရွက်နေရန်လိုကြောင်း။
မိမိတို့တာဝန်ထမ်းဆောင်ရသည့် ဒေသနှင့်ဒေသခံများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ဆောင်ရွက်
ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ နယ်မြေခံတပ်များအနေဖြင့် နယ်မြေခံပြည်သူလူထုနှင့် တစ်သားတည်းရှိပြီးဖြစ်၍ မိမိတို့တာဝန်ထမ်းဆောင်ရသည့် ဒေသရှိ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးကိုအတူတကွ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသနှင့် ဒေသခံများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လမ်းပန်းဆက်သွယ်မှုများ အဆင်ပြေချောမွေ့စေရေးအတွက် ကားလမ်းများ၊ ရထားလမ်းများ အဆင့်မြှင့်တင်ခြင်းနှင့်လေဆိပ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း။
တပ်မတော်သားများ၏ ပညာရည်မြင့်မားရေးနှင့်ပတ်သက်၍ ဆောင်ရွက်ခဲ့ကြောင်း၊ မှီခိုသူရဲမေများအားလုံး စာတတ်မြောက်ရေးအတွက်လည်း ဆောင်ရွက်လျက်ရှိသကဲ့သို့ ဒေသခံတိုင်းရင်းသား ပြည်သူများ “အ”သုံးလုံးသင်တန်းများကို ဖွင့်လှစ်သင်ကြား၍ စာဖတ်တတ်သူများဖြစ်စေရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လားရှိုးမြို့တွင် စိုက်ပျိုးမွေးမြူရေးကောလိပ်ဖွင့်လှစ်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသခံပြည်သူလူထု၏ ပညာရည်မြင့်မားရေး ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တပ်မတော်သား သားသမီးများ၏ ပညာရည်မြင့်မားရေးကိုလည်း အားပေးဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့သင်ကြားထားသည့် ပညာများကိုအသုံးချ၍ တစ်ဦးချင်း၏ ဘဝတိုးတက်စေရေးဆောင်ရွက်သွား နိုင်မည်ဖြစ်ကြောင်း။
စည်းကမ်းစနစ်တကျရှိသည့် တပ်မတော်သားကောင်းများဖြစ်စေရေးနှင့် ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုရှိစေရေး
မိမိတို့တပ်မတော်၏ ပင်မလုပ်ငန်းတာဝန်မှာ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးပင်ဖြစ်ကြောင်း၊ တပ်မတော်သားများအားလုံး တစ်ဦးချင်း၏ ထမ်းဆောင်ရမည့်လုပ်ငန်းတာဝန်များကို လိုက်နာဆောင်ရွက်နေရန်လိုကြောင်း၊ တစ်ဦးချင်းဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို အလေ့အကျင့်ဖြစ်အောင် နေ့စဉ်လေ့ကျင့်ဆောင်ရွက်နေရန်နှင့် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း နေထိုင်လုပ်ကိုင်ဆောင်ရွက်မည်ဆိုပါက တပ်မတော်သားကောင်းများ ဖြစ်လာမည်ဖြစ်ကြောင်း၊ တပ်မတော်သည် အစုအဖွဲ့ဖြင့် တာဝန်ထမ်းဆောင်ရခြင်းဖြစ်ပြီး အခြေခံအကျဆုံးအဆင့်မှစ၍ စစ်ပညာများကို တတ်မြောက်ကျွမ်းကျင်ထားရန်လိုကြောင်း၊ သက်ဆိုင်ရာလက်ရုံးတပ်ဖွဲ့အလိုက် သက်ဆိုင်ရာပညာရပ်များအားလုံးကိုလည်း တတ်ကျွမ်းအောင် သင်ကြားထားရန်လိုကြောင်း၊ ထို့ကြောင့် တပ်မတော်သားများအားလုံး မိမိတို့တာဝန်များကို အလေးထားလိုက်နာဆောင်ရွက်ကြရန်လိုကြောင်း။
တပ်မတော်သားများ၏ သက်သာချောင်ချိရေးအတွက် တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ကြရေး တိုက်တွန်းလိုကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် မိသားစု၏စားဝတ်နေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေမည်ဖြစ်ပြီး သက်သာချောင်ချိမှုရှိစေမည်ဖြစ်ကြောင်း၊ တပ်မတော်သားများ၏ သက်သာချောင်ချိရေးလုပ်ငန်းများကို တာဝန်ရှိသူများအနေဖြင့် စနစ်တကျ ဖော်ဆောင်ပေးသွားရန်လိုကြောင်း။
ကျန်းမာကြံ့ခိုင်ရေးနှင့်ပတ်သက်၍လည်း နေ့စဉ်ဆောင်ရွက်ရမည့် အားကစားများကို ဆောင်ရွက်နေရန်လိုကြောင်း၊ အားကစားများလုပ်ဆောင်ခြင်းဖြင့် ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုများကိုရရှိစေသဖြင့် ကာကွယ်ရေးလုပ်ငန်းများတွင် အထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ အလားတူရဲမေများအနေဖြင့်လည်း ကျန်းမာရေးအထောက်အကူပြု အားကစားများလုပ်ဆောင်စေလိုကြောင်း၊ ကျန်းမာရေးကိုအထောက် အကူပြုစေမည့် အားကစားများပြုလုပ်ခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သည့် စားသောက်ခြင်းများကို ဆောင်ရွက်သွားမည်ဆိုပါက ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာများ ကြံ့ခိုင်မှုရှိစေမည်ဖြစ်သဖြင့် စနစ်တကျဖြင့် နေထိုင်သွားကြရန်လိုအပ်ကြောင်းမှာကြားပြီး အရာရှိ၊ စစ်သည်၊ မိသားစုများ၏ လိုအပ်ချက်များကို မေးမြန်း၍ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကိုပေးအပ်ရာ တိုင်းမှူးကလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးက တပ်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ တိုင်းမှူး၏ ဇနီးကလည်းကောင်း လက်ခံရယူကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် လားရှိုးမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအား သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ကျန်းမာရေးအခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားကာ လက်ဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်