Skip to main content

ဆည်ရေကို အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေးနှင့် စိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေး အထောက်အကူပြုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်

နေပြည်တော် ဩဂုတ် ၂၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ကင်းတားဆည်ရေသောက်စနစ် လက်ဝဲတူးမြောင်းမကြီး၏ လက်တံ(၁၅)မှ စိုက်ပျိုးရေပေးဝေနေမှုကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက ဆည်ရေသောက်ဧရိယာများ သီးနှံစိုက်စွမ်းအားပြည့် စိုက်ပျိုးထုတ်လုပ်နိုင်ရေးဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ကင်းတား ဆည်ရေသောက်စနစ်အတွင်းရှိ ရေနုတ်မြောင်းများမှ ထုတ်နုတ်ရေကို ယခင်က စိုက်ပျိုးရေးလုပ်ဆောင်ရန် ရေရောက်ရှိမှုခက်ခဲသည့် လက်တံမြောင်းအဖျားပိုင်းနေရာများသို့ ရေကူပေးဝေနိုင်ရေး စီမံဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် စိုက်ဧကများ တိုးတက်စိုက်ပျိုးနိုင်မည်ဖြစ်၍ ဒေသခံ တောင်သူများအတွက် များစွာအကျိုးရှိစေမည်ဖြစ်ကြောင်း၊ ရေနုတ်မြောင်းများမှထုတ်နုတ်ရေကို စိုက်ပျိုးရေအဖြစ် ပြန်လည်အသုံးချနိုင်မည့် ရေစီမံခန့်ခွဲမှုစနစ်ကို အခြားရေသောက်စနစ်များတွင်လည်း ဆက်လက်အကောင်အထည်ဖော်လျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဝမ်းတွင်းမြို့နယ် ခြင်္သေ့လက်ကျေးရွာအနီး စမုံမြစ်ပေါ်တွင် ရေလွှဲဆည်တစ်ခုတည်ဆောက်၍ သီးထပ်သီးနှံများ စိုက်ပျိုးနိုင်ရန် လျာထားသည့်နေရာအား ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နိုင်ရန် လိုအပ်သော ထပ်မံစူးစမ်းလေ့လာခြင်းနှင့် ဒီဇိုင်းပုံစံများရရှိရေးလုပ်ငန်းဆိုင်ရာတို့ကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝမ်းတွင်းမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အစည်းအဝေးခန်း၌ သက်ဆိုင်ရာတာဝန်ခံများက ညောင်ဦးဖီးအုပ်စု စွန်ချောင်းကျေးရွာအနီး စွန်ချောင်းလျှိုပိတ်တမံတည်ဆောက်ရန် ကွင်းဆင်းစူးစမ်းရှာဖွေမှုနှင့် အင်ဂျင်နီယာ ဘူမိဗေဒ စမ်းသပ်ဆောင်ရွက်နေမှုလုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များကို မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ကျောက်ဆည်မြို့နယ် သံရွာကျေးရွာအနီးရှိ ငပြောင်ရေလွှဲဆည်တွင် ရေအသုံးချသူများအဖွဲ့(WUG)များ၊ ဒေသခံတောင်သူ များနှင့်တွေ့ဆုံ၍ သီးနှံအထွက်နှုန်းရရှိစေရေး၊ “မျိုး၊ မြေ၊ ရေ၊ နည်း” လိုအပ်ချက်များကို ရှင်းလင်းပြောကြားပြီး ငပြောင်ရေလွှဲဆည် နွားတက်မြောင်းမှ ရေအပြည့်အဝပေးဝေနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေကိုလည်းကောင်း၊ စဉ့်ကိုင်မြို့နယ် တအုံကျေးရွာအုပ်စု ဆောက်အင်းကျေးရွာအနီး ဒုဋ္ဌဝတီမြစ်မှ လျှပ်စစ်မြစ်ရေတင်လုပ်ငန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဆောက်အင်းလျှပ်စစ်မြစ်ရေ တင်စီမံကိန်းကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

ဒုဋ္ဌဝတီမြစ်ကြောင်းတစ်လျှောက်တွင် မြစ်ရေတင်လုပ်ငန်း ၁၃ ခုရှိပြီး စီမံကိန်းအကျိုးပြုလျာထားဧက ၁၀၀၀ ရှိမည့် ဆောက်အင်းလျှပ်စစ်မြစ်ရေတင်စီမံကိန်းမှာ ၁၄ ခုမြောက်အဖြစ် ဆောင်ရွက်ခြင်း ဖြစ်ပြီး ၂၀၂၄-၂၀၂၅ ခုနှစ်တွင် စီမံကိန်းပြီးစီးအောင် ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ကျွန်းဦးကျေးရွာအနီး ကျွန်းဦးလျှပ်စစ်မြစ်ရေတင်လုပ်ငန်းကို ၁၅ ခုမြောက်အဖြစ်ဆောင်ရွက်ရန် ရန်ပုံငွေလျာထားပြီး စီမံကိန်းစတင်အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်