Skip to main content

ဒုတိယဝန်ကြီး ဦးမြင့်စိုး မြို့သစ်မြို့နယ်နှင့် မကွေးမြို့နယ်တို့၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

နေပြည်တော် ဩဂုတ် ၂၉

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် သန်းကုန်းကျေးရွာသို့သွားရောက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ကုန်ထုတ်လမ်းအရှည် နှစ်မိုင်ဖောက်လုပ်နေမှု၊ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် အရှည် ၁ မိုင် ၂ ဖာလုံရှိ ဘုရားပြိုကျေးရွာ အဝင်လမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ဆက်လက်ဆောင်ရွက်ရန်လုပ်ငန်းများကို မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် မကွေးမြို့သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲသို့ တက်ရောက်ပြီး နိုင်ငံတော်ကအားထားရသော သမဝါယမပညာတတ်များဖြစ်အောင် ကြိုးစားလေ့လာသင်ယူ ကြရန် မှာကြားသည်။

ယင်းနောက် ကျောင်းသားများကိုယ်စား ဒုတိယနှစ်ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ ပထမနှစ် ကျောင်းသား ကျောင်းသူများက တေးသရုပ်ဖော်ဖျော်ဖြေမှုများဖြင့် တင်ဆက်ကပြကြရာ ဒုတိယဝန်ကြီးက ဂုဏ်ပြုဆုငွေများချီးမြှင့်ပေးအပ်ပြီး သင်တန်းကျောင်းအတွင်း စာသင်ဆောင်၊ သင်တန်းသားအိပ်ဆောင်၊ သင်တန်းသူအိပ်ဆောင် တည်ဆောက်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းကြသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် မကွေးမြို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးတွင် ဝန်ကြီးဌာနအောက် ဦးစီးဌာနလေးခုမှ ခရိုင်နှင့်မြို့နယ်အဆင့်ဝန်ထမ်းများနှင့်တွေ့ဆုံ၍ နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းလုပ်ငန်းများနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများက သက်ဆိုင်ရာဌာနအလိုက်လုပ်ငန်းဆောင်ရွက်နေမှုများကို တင်ပြကြရာ ဒုတိယဝန်ကြီးက ဝန်ထမ်းများ၏ အခက်အခဲများအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး အသေးစားထုတ်ကုန်ပစ္စည်းများ ပြခန်းအတွင်း ခင်းကျင်းပြသထားသော လုပ်ငန်းရှင်များ၏ ထုတ်ကုန်ပစ္စည်းများကို ကြည့်ရှုအားပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် မကွေးမြို့နယ် သဖန်းဆိပ်ကျေးရွာသို့သွားရောက်ပြီး မကွေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်၏ ပံ့ပိုးငွေကျပ်သိန်း ၁၀၀ ဖြင့် Pilot Project ဆောင်ရွက်နေသော သဖန်းဆိပ် စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမိတက်၏ ဧရာပဒေသာ စပါးမျိုး ၄၉ ဧက စိုက်ပျိုးထားမှုကိုကြည့်ရှုအားပေးပြီး အသင်းသားတောင်သူများနှင့်တွေ့ဆုံကာ ပန်းတိုင်အထွက်နှုန်းရရှိရေး မှာကြား၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်