ပူတာအို ဩဂုတ် ၂၉
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်သည် တာဝန်ရှိသူများနှင့်အတူ ဩဂုတ် ၂၆ ရက်က ခေါင်လန်ဖူး-ဆရမ်ဖာလမ်း ၁၂ မိုင် ၄ ဖာလုံမှ လေးမိုင်ဖောက်လုပ်ပြီးစီးမှု၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဆက်လက်ဖောက်လုပ်မည့် မြေလမ်းနှစ်မိုင်၏အခြေအနေနှင့် ခေါင်လန်ဖူးမြို့ မြို့မဈေး သန့်ရှင်းသာယာလှပရေး၊ မြို့စိမ်းလန်းစိုပြည်စေရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့် တိုးချဲ့မြို့ကွက်သစ် ဖော်ထုတ်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး နေရာချထားမည့်ဒေသခံများနှင့်တွေ့ဆုံ၍ နေရာချထားမည့်အခြေအနေနှင့် ဝန်ကြီးဌာနမှ ပံ့ပိုးဆောင်ရွက်ပေးနိုင်မည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ကုန်စည်စီးဆင်းမှုမပြတ်ရန်
ထို့အတူ ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ဩဂုတ် ၂၅ ရက်က မဂွေဇ-ခေါင်လန်ဖူး ၆၅ မိုင် ၄ ဖာလုံ လမ်းပိုင်းတစ်လျှောက် လမ်းပိုင်းပျက်စီးမှုမရှိစေရေး မြေထိန်းနံရံနှင့် ကျောက်စီရေမြောင်း တည်ဆောက်မည့်နေရာများ၊ မိုးသည်းထန်မှုကြောင့် လမ်းဘေးမြေသားပြိုကျနိုင်သည့်နေရာများကို ကြည့်ရှုစစ်ဆေးကာ ခေါင်လန်ဖူးဒေသသို့ ကုန်စည်စီးဆင်းမှုမပြတ်တောက်စေရေး ဆောင်ရွက်ရန် တာဝန်ရှိသူများကို မှာကြားသည်။
အလားတူ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဩဂုတ် ၂၄ ရက်က နောင်မွန်မြို့ရှိ နမ်ပန်ဒမ်း လူကူးကြိုးတံတားနှစ်စင်း၏ ဆက်သွယ်သွားလာမှုအခြေအနေ၊ နောင်မွန်မြို့ရေပေးဝေရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ရေတားတမံ၊ ဂါလန် ၆,၀၀၀ ဆံ့ နှင့် ၃,၀၀၀ ဆံ့ ရေစုကန်များ တည်ဆောက်ထားရှိမှု၊ ရေပိုက်လိုင်း တစ်မိုင်သွယ်တန်းထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ဒေသခံများအနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ပေးကြရန် မှာကြားသည်။
ဖြည့်ဆည်းဆောင်ရွက်ပေး
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဩဂုတ် ၂၃ ရက်က နောင်မွန်မြို့နယ်သို့ ရောက်ရှိပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နောင်မွန်မြို့ အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
သတင်းစဉ်