Skip to main content

အရာထမ်းလောင်း (အထူး) သင်တန်းအမှတ်စဉ်(၁၁)နှင့် အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ် (၇၂) သင်တန်းဆင်းပွဲ အခမ်းအနားများ ကျင်းပ

နေပြည်တော် ဩဂုတ် ၂၅

အရာထမ်းလောင်း (အထူး)သင်တန်းအမှတ်စဉ် (၁၁)နှင့် အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ် (၇၂)သင်တန်းဆင်းပွဲ အခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၌ ကျင်းပသည်။

ဦးစွာ အရာထမ်းလောင်း (အထူး)သင်တန်းအမှတ်စဉ်(၁၁) သင်တန်းဆင်းပွဲအခမ်းအနားကို တက္ကသိုလ်စစ်ရေးပြကွင်း၌ကျင်းပရာ ပြည်ထောင်စုရာထူးဝန် အဖွဲ့တာဝန်ခံအဖွဲ့ဝင် ဦးဆန်းမြင့်က သင်တန်း၌ ထူးချွန်ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ တာဝန်ခံအဖွဲ့ဝင်က သင်တန်းသား သင်တန်းသူများအနေဖြင့် နိုင်ငံတော်ကချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များကို အကောင်အထည်ဖော်ရာ၌ ထမ်းဆောင်ရမည့်တာဝန်၊ စောင့်ထိန်းရမည့် ကျင့်ဝတ်၊ လိုက်နာရမည့် စည်းကမ်းများနှင့်အညီ ပေးအပ်လာသည့်တာဝန်များကို ဦးလည်မသုန် ကျေပွန်စွာထမ်းဆောင်ကြရန်နှင့် နိုင်ငံ့ဝန်ထမ်းသစ္စာ အဓိဋ္ဌာန်ခြောက်ချက်ကို ဦးထိပ်ပန်ဆင်ပြီး နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များ၊ ဝန်ထမ်းကျင့်ဝတ်အပါး(၃၀)ပါ အချက်များနှင့်အညီ ဂုဏ်သိက္ခာရှိသည့် နိုင်ငံ့ဝန်ထမ်းများဖြစ်အောင် ကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် အရာထမ်းလောင်း(အထူး) သင်တန်းအမှတ်စဉ်(၁၁) ဘွဲ့နှင်းသဘင်အခမ်းအနားကို တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပပြီး နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုးက သင်တန်းသား သင်တန်းသူများကို ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာလက်မှတ်များ ပေးအပ်ချီးမြှင့်သည်။

အဆိုပါ သင်တန်းသို့ သင်တန်းသား ၇၀၊ သင်တန်းသူ ၂၁၃ ဦး စုစုပေါင်း ၂၈၃ ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ရက်သတ္တ ၁၆ ပတ် ကြာမြင့်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ တာဝန်ခံအဖွဲ့ဝင်သည် တက္ကသိုလ်၌ ဖွင့်လှစ်သင်ကြားနေသည့် သင်တန်းများနှင့် တက္ကသိုလ်တွင် ဆောက်လုပ်လျက်ရှိသော တည်ဆောက်ရေးလုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တက္ကသိုလ်မှတာဝန်ရှိသူများနှင့်တွေ့ဆုံက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ် (၇၂)သင်တန်းဆင်းပွဲအခမ်းအနားကို ရတနာခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ တာဝန်ခံအဖွဲ့ဝင် ဦးဆန်းမြင့်၊ အမြဲတမ်းအတွင်းဝန် ဦးအောင်တင်စိုး၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ်၊ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဆရာ ဆရာမများအနေဖြင့် လေ့ကျင့်သင်ကြားခဲ့သည့် ဘာသာရပ်သင်ခန်းစာများကို မိမိတို့ လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံများနှင့်ပေါင်းစပ်ပြီး မိမိတို့၏ အရည်အသွေး၊ စွမ်းဆောင်ရည်နှင့် အတတ်ပညာများ ပြည့်ဝစေရေး ကြိုးစားကြရန်နှင့် ကျောင်းသား ကျောင်းသူများ၏ အတွေးအခေါ်ကောင်းမွန်စေရေးနှင့် ပညာရပ်များကို မှန်ကန်စွာတတ်မြောက်စေရေး စနစ်တကျ သင်ကြားပေးကြစေလိုကြောင်း၊ နိုင်ငံ၏အမျိုးသားပညာရေးကို မြှင့်တင်နိုင်သော နိုင်ငံ့ဝန်ထမ်းကောင်း ဆရာ ဆရာမများအဖြစ် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်းပြောကြားပြီး ထူးချွန်ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ကာ သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်သည်။

အဆိုပါ သင်တန်းသို့ သင်တန်းသား ၈၉ ဦး၊ သင်တန်းသူ ၃၈၃ ဦး စုစုပေါင်း ၄၇၂ ဦး တက်ရောက်ကြပြီး သင်တန်းကာလ ရက်သတ္တငါးပတ်ကြာမြင့်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်