Skip to main content

ရေလုပ်ငန်းထုတ်လုပ်မှုကဏ္ဍ နှစ်ဆတိုးတက်ရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

နေပြည်တော် ဩဂုတ် ၂၅

တနင်္သာရီတိုင်းဒေသကြီးအတွင်း ငါးပုစွန်ထုတ်လုပ်မှုတိုးချဲ့ရေး၊ မြေယာအသုံးချမှုနှင့်ပတ်သက်၍ ငါးပုစွန်မွေးမြူလိုသူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တွေ့ဆုံပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ငါးပုစွန်မွေးမြူသူလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက မြေယာအသုံးချမှုနှင့်ပတ်သက်၍ တည်ဆဲမြေယာဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မြေယာလုပ်ပိုင်ခွင့် ရရှိထားသည့်လုပ်ငန်းများကို သတ်မှတ်ထားသည့်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရန်လိုကြောင်း၊ မြေယာအသုံးချမှု ခိုင်မာသည့်လုပ်ပိုင်ခွင့်ရရှိစေခြင်းဖြင့် တောင်သူများ၊ မွေးမြူရေးလုပ်ငန်းများ၏ အကျိုးစီးပွားဖြစ်ထွန်းမှုနှင့် အခွင့်အရေးများကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်မည်ဖြစ်၍ သက်ဆိုင်သူအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က မြေယာအသုံးချမှုဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့် လိုက်နာဆောင်ရွက်ရန်ကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် မွေးမြူရေးလုပ်ငန်းရှင်များ၏ ဆွေးနွေးတင်ပြချက်များအပေါ် ဒုတိယဝန်ကြီးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က ပြန်လည်ဖြေကြားဆွေးနွေးကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် မြိတ်မြို့နယ်ကလွင်ကျေးရွာရှိ ငါးလုပ်ငန်းစခန်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှု၊ ကျွန်းစုမြို့နယ်မအိုင်ကျေးရွာရှိ သြဘာစံကုမ္ပဏီလီမိတက်၏ ခေတ်မီရေငန်ပုစွန် မွေးမြူရေးဆောင်ရွက်ရန် ကန်ဖော်ခြင်း၊ အအေးခန်းတည်ဆောက်ခြင်းလုပ်ငန်း၊ ကတ္တလူကျေးရွာ ပြည့်ဖြိုးထွန်းကုမ္ပဏီ ခေတ်မီရေငန်ပုစွန်မွေးမြူထားရှိမှုနှင့် မြိတ်မြို့နယ်သစ်ယာဝကျေးရွာအများပိုင်နှင့် ပြည့်ဖြိုးထွန်းကုမ္ပဏီမှ ခေတ်မီရေငန်ပုစွန် တိုးချဲ့မွေးမြူမည့်မြေနေရာတို့ကို ကြည့်ရှုစစ်ဆေးကာ ရေငန်ငါး၊ ပုစွန်ပို့ကုန်တိုးမြှင့် ရေးဆိုင်ရာများကို ဆွေးနွေးမှာကြားသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြိတ်မြို့နယ်ကျွဲကူးကျေးရွာ စိုက်ပျိုးရေးဦးစီးဌာနစိုက်ပျိုးနည်းပညာပြန့်ပွားရေးစင်တာ၌ ကျင်းပသည့် မိုးစပါးစိုက်တောင်သူများအား သဘာဝမြေသြဇာ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားနှင့် သဘာဝမြေဩဇာနှင့် ဓာတ်မြေသြဇာအချိန်ကိုက်အချိုးကျ သုံးစွဲနည်းကွင်းသရုပ်ပြပွဲ၊ စိုက်ပျိုးရေးဦးစီးဌာန နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ(ရွှေဒူး)၌ မွေးမြူရေးလုပ်ငန်းစွန့်ပစ်ပစ္စည်းမှ သဘာဝမြေဆွေးပုံပြုလုပ်ခြင်း ကွင်းသရုပ်ပြပွဲနှင့် ဥယျာဉ်ခြံသီးနှံပျိုးပင်များနှင့် သဘာဝမြေဩဇာထောက်ပံ့ပေးအပ်ပွဲတို့သို့ တက်ရောက်ပြီး ဒေသဝမ်းစာဖူလုံရေး၊ တစ်ဧကအထွက်နှုန်းတိုးတက်ရေး၊ နွေစပါးနှင့် ဆောင်းသီးနှံစားဖိုဆောင်သီးနှံများ တိုးချဲ့စိုက်ပျိုးရေးဆွေးနွေး၍ ငါးပြေမတစ်ပိုင် တစ်နိုင်မွေးမြူရေး သရုပ်ပြခြင်းနှင့် စီးပွားဖြစ်စားဖား မွေးမြူခြင်းလုပ်ငန်းများကို တောင်သူများနှင့်အတူ ကြည့်ရှုအားပေးသည်။

သတင်းစဉ်