နေပြည်တော် ဩဂုတ် ၂၀
ငါး၊ ပုစွန်နှင့် ရေထွက်ကုန်များကို ပြည်တွင်း၌ ဖူလုံစွာစားသုံးနိုင်ရေးနှင့် ပြည်ပသို့ တင်ပို့ရောင်းချခြင်းမှ နိုင်ငံခြားငွေတိုးတက်ရှာဖွေပေးနိုင်ရေးအတွက် ရေသတ္တဝါမွေးမြူထုတ်လုပ်မှုလုပ်ငန်းများဖွံ့ဖြိုးလာစေရန် ဘက်စုံကဏ္ဍစုံမှ ကြိုးပမ်းလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် ဆိပ်ကြီးအရှေ့ရှိ ငါးလုပ်ငန်းဦးစီးဌာန ပုစွန်သားဖောက်စခန်း တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးက ဒေသနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရန်၊ ဝင်ငွေတိုးပွားရန်နှင့် ငါး၊ ပုစွန်မွေးမြူထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်လာစေရန်အခြေအနေပေးသည့် သဘာဝရေပြင်ကျယ်များနှင့် အခြေအနေပေးသည့်နေရာများတွင် ငါးမွေးမြူရေးလုပ်ငန်းကို စီးပွားဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်ရေးအတွက် နည်းပညာနှင့် အကူအညီများ ကူညီဆောင်ရွက်ပေးကြရန်မှာကြားပြီး ပုစွန်မွေးမြူရေးကန်ကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း သီလဝါဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်သို့ ရောက်ရှိပြီး ငါးတန်သားဖောက်ခြင်း၊ ငါးတန်မွေးမြူထားရှိမှုနှင့် ဥစားဘဲမွေးမြူထားရှိမှုတို့ကို ကြည့်ရှုအားပေးသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် A&N Food Foor Amcondation အအေးခန်းစက်ရုံသို့ရောက်ရှိပြီး နိုင်ငံခြားပို့ကုန်ကဏန်းအသား အေးခဲချောင်းထုတ်လုပ်မှုကို ကြည့်ရှုစစ်ဆေးပြီး ထုတ်လုပ်မှုစရိတ်လျှော့ချနိုင်ရေးနှင့် အရည်အသွေးပြည့်ဝသော ပို့ကုန်များဖြစ်စေရေး တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်