Skip to main content

ဒုတိယဝန်ကြီး ဦးမြင့်စိုး လားရှိုးဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

နေပြည်တော် ဩဂုတ် ၁၆

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ဩဂုတ် ၁၅ ရက် မွန်းလွဲပိုင်းက ရှမ်းပြည်နယ် (မြောက် ပိုင်း) လားရှိုးမြို့သို့ ရောက်ရှိကာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ဝန်ကြီးဌာနအောက် ဦးစီးဌာနများမှ ခရိုင် အဆင့်/ မြို့နယ်အဆင့် ဝန်ထမ်း များနှင့်တွေ့ဆုံပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည် ချက် (၉) ရပ်တို့အား သေချာစွာ နားလည်သဘောပေါက် သိရှိစေရေး၊ မိမိတို့ဝန်ကြီးဌာန၏ မူဝါဒနှင့် လုပ်ငန်းစဉ်များ အောင်မြင်အောင် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်ကြရေး၊ အထက်အောက်အပြန်အလှန်လေးစားမှု၊ ကူညီရိုင်းပင်းမှုတို့ဖြင့် ဌာနတွင်း စည်းလုံးညီညွတ်မှုတည်ဆောက်ရေး၊ ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် တာဝန်ရှိသူများက အလေးထားဆောင်ရွက်ပေးရေး မှာကြားသည်။

ထို့နောက် ပြည်နယ်ဦးစီးမှူးများက ဦးစီးဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို တင်ပြကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ်များက ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။ ယင်းနောက် ဒုတိယဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် လားရှိုးမြို့နယ် နမ့်စံလွယ် ကျေးရွာသို့သွားရောက်ကာ ဘက်စုံသုံးခန်းမ၌ ကျေးရွာလူထုနှင့်တွေ့ဆုံပြီး ရွာတွင်းလမ်းပြုပြင်ပေးရေး၊ ကုန်ထုတ်လမ်းဖောက်လုပ်ရေး တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။ အဆိုပါ ဘက်စုံသုံးခန်းမကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေ ကျပ် ၁၀ သန်း၊ ပြည်သူလူထု ထည့်ဝင်ငွေကျပ် ၄၄ ဒသမ ၉၈ သန်း စုစုပေါင်း ၅၄ ဒသမ ၉၈ သန်းဖြင့် ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် တက်ရောက်လာသူများကို လိုက်လံနှုတ်ဆက်၍ ခန်းမတည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် လားရှိုးမြို့နယ် မန်အိုင်ကျေးရွာသို့ သွားရောက်ကာ HT ဆပ်ပြာရည် ထုတ်လုပ်မှုလုပ်ငန်းကို ကြည့်ရှုစစ်ဆေးသည်။ အဆိုပါလုပ်ငန်းသည်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဇွန်လအတွင်းဖွင့်လှစ်ခဲ့သော လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာသင်တန်း တက်ရောက်အောင်မြင်ခဲ့သူ ကျေးရွာသူကျေးရွာသားခြောက်ဦး အတူတကွ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ပြီး ယင်းလုပ်ငန်းတိုးချဲ့လုပ်ကိုင်နိုင်ရေးအတွက် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်