Skip to main content

လက်ဖက်စိုက်ပျိုးရေးနှင့် အနာဂတ်အလားအလာ အလုပ်ရုံဆွေးနွေးပွဲအတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ဇူလိုင် ၂၀

လက်ဖက်စိုက်ပျိုးရေးနှင့် အနာဂတ်အလားအလာ အလုပ်ရုံဆွေးနွေးပွဲကျင်းပရေး ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စုဝေးဆောင်ခန်းမ၌ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အွန်လိုင်းမှတစ်ဆင့် မြန်မာနိုင်ငံလက်ဖက်အသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က လက်ဖက်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ထုတ်လုပ်မှုကွင်းဆက်ဖွံ့ဖြိုးရေး လမ်းပြမြေပုံရေးဆွဲကာ အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း၊ ယခုအခါ နိုင်ငံတော်မှ အသေးစား၊ အငယ်စားနှင့် အလတ်စား MSME လုပ်ငန်းများကို အားပေးကူညီခြင်းဖြင့် နိုင်ငံစီးပွားရေး အရှိန်အဟုန်နှင့် ဖွံ့ဖြိုးလာရေးဆောင်ရွက်လျက်ရှိရာ အချိန်အခါအသင့်ဖြစ်ပါကြောင်း၊ လက်ဖက်စိုက်ပျိုး ထုတ်လုပ်မှု၊ ပြုပြင်ထုတ်လုပ်ရောင်းချနေမှု၊ အရည်အသွေး ထိန်းသိမ်းရေးနှင့် နည်းပညာပံ့ပိုးမှုတွင် ဌာနနှင့် ပုဂ္ဂလိကလက်ဖက်ပညာရှင်များပူးပေါင်း၍ မြန်မာ့လက်ဖက်တန်ဖိုး ကွင်းဆက်မြှင့်တင်ရေးအတွက် အသေးစိတ်အစီအစဉ်များကို ဆွေးနွေးအဖြေရှာရန် လိုအပ်လျက်ရှိကြောင်း၊ တစ်ဧကအထွက်နှုန်း တိုးတက်စေရန်နှင့် တန်ဖိုးမြင့်လက်ဖက်ထုတ်ကုန်များ တိုးချဲ့ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးအတွက် နည်းပညာပိုင်း၊ မူဝါဒပိုင်း၊ နည်းဗျူဟာပိုင်းများ အားကောင်းလာစေရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ပုဂ္ဂလိကများ၊ တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လက်ဖက်စိုက်ပျိုးထုတ်လုပ်မှု၊ ပြည်ပတင်ပို့ မှု၊ တင်သွင်းမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီးဌာနအလိုက် တာဝန်ရှိသူများနှင့် ပုဂ္ဂလိက အဖွဲ့စည်များမှတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြဆွေးနွေးကြသည်။

မြန်မာနိုင်ငံလက်ဖက်စိုက်ပျိုးမှု ကွင်းဆက်တစ်လျှောက်လုံးတွင် ခေတ်အဆက်ဆက်၏ စိုက်ပျိုးထုတ်လုပ်မှုအခြေအနေနှင့် လက်ရှိလက်ဖက်စိုက်ပျိုးထုတ်လုပ်မှုအခြေအနေများကို ခြုံငုံသုံးသပ်ဆွေးနွေးပြီး အားနည်းချက်၊ အားသာချက်များကို ဖော်ထုတ်အဖြေရှာ၍ အစိုးရ၊ ပုဂ္ဂလိကနှင့် လက်ဖက်စိုက်ပျိုးသူ တောင်သူများ၏ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်နိုင်မည့်လုပ်ငန်းများကို သိရှိနိုင်ရန်နှင့် မြန်မာ့လက်ဖက်တန်ဖိုး ကွင်းဆက်မြှင့်တင်ရေး လမ်းပြမြေပုံရေးဆွဲနိုင်ရေးအတွက် လက်ဖက်စိုက်ပျိုးရေးနှင့် အနာဂတ်အလားအလာ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်