နေပြည်တော် ဇူလိုင် ၂၀
အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီ အစည်းအဝေး(၂/၂၀၂၃)ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်၊ ပူးတွဲကော်မတီဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ကော်မတီအဖွဲ့ဝင်များဖြစ်သည့် သက်ဆိုင်ရာဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာအဆင့်မြင့်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပူးတွဲကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက အကောင်အထည်ဖော်ရန် ကျန်ရှိသော Measures များကို ဆောင်ရွက်ပြီးစီးမည့်ရက် (Definitive Date) များနှင့်အညီ မပျက်မကွက် ဆက်လက်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သတ်မှတ်ချိန်အတွင်း ပြီးပြတ်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရန် အခက်အခဲများရှိပါက သက်တမ်းတိုးမြှင့်ခွင့်ရရှိရေးကိစ္စရပ်များကို ကြိုတင်ဆောင်ရွက်သွားရန်လိုကြောင်း၊ ဆက်စပ်ဆောင်ရွက်ရမည့် ကော်မတီအဖွဲ့ဝင် ဦးစီးဌာနများ၊ လုပ်ငန်းများအနေဖြင့် သဘောတူစာချုပ်ပါ Measures များကို သတ်မှတ်ချိန်အတွင်း ပြီးပြတ်အောင် ဆောင်ရွက်နိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက လုပ်ငန်းအဖွဲ့များ၏ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ရန်ကျန်ရှိသည့်အချက်များကို ကနဦး ကောက်ခံထားပြီးဖြစ်ကြောင်း၊ အကဲဖြတ်အဖွဲ့၏ ဆန်းစစ်တွေ့ရှိချက်များကို နှစ်စဉ်အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြသွားမည်ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ် တွင် မြန်မာနိုင်ငံ၏ အကောင်အထည်ဖော်ပြီးမြောက်မှု ရာခိုင်နှုန်း ၅ ဒသမ ၅ ရာခိုင်နှုန်းရှိရာမှ ၂၀၂၃ ခုနှစ်တွင် ၉ ဒသမ ၇ ရာခိုင် နှုန်းသို့ ရောက်ရှိလာသည်ကို တွေ့ရှိရကြောင်း ပြောကြားသည်။
ယင်းနောက် လုပ်ငန်းအဖွဲ့(၄)ဖွဲ့မှ အဖွဲ့ခေါင်းဆောင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို တင်ပြကြပြီး ကော်မတီဝင်များ၏ ဆွေးနွေးမှုများအပေါ် ကော်မတီဥက္ကဋ္ဌနှင့် ပူးတွဲကော်မတီဥက္ကဋ္ဌတို့က ပြန်လည်ရှင်းလင်းဆွေးနွေးကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်