Skip to main content

ဒုတိယဝန်ကြီး ဦးအောင်မြိုင် သာစည်ဘူတာယာဒ်ဝင်းနှင့် မိတ္ထီလာ-မြင်းခြံ ရထားလမ်းပိုင်း ပြုပြင်နေမှု ကြည့်ရှုစစ်ဆေး

မိတ္ထီလာ ဇူလိုင် ၁၆

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ သာစည်ဘူတာ ဘူတာယာဒ်ဝင်းနှင့် စက်ခေါင်းပြင်စက်ရုံ (သာစည်) တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ရထားစီး ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ နားနေသွားလာနိုင်အောင် စီစဉ်ဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် သာစည်ဘူတာသို့ ဆိုက်ရောက်လာသည့် ရန်ကုန် - မန္တလေး အမှတ်(၃)အဆန် အမြန်ရထားပေါ်သို့ တက်ရောက်စစ်ဆေးပြီး ရထားစီးခရီးသွားပြည်သူများ သန့်ရှင်းသပ်ရပ်စွာ လိုက်ပါ စီးနင်းနိုင်ရေးနှင့် ရထားပေါ်ရှိ သန့်စင်ခန်းများကို သန့်ရှင်းစွာ အသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် မိတ္ထီလာ - မြင်းခြံရထားလမ်းပိုင်း အဆင့်မြှင့်တင် ပြုပြင်နေမှု အခြေအနေကို RBE ရထားဖြင့် လိုက်ပါစီးနင်း ကြည့်ရှုစစ်ဆေးပြီး ရထားလမ်းအတွင်း ကွန်ကရစ်ဇလီဖားတုံးများ သတ်မှတ်အကွာအဝေးအတိုင်း ထည့်သွင်းရန်၊ အရည်အသွေးပြည့်မီသော လမ်းခင်းကျောက်များ သတ်မှတ်စံချိန်စံညွှန်းအတိုင်း ထည့်သွင်း၍ ပက်ကင်ရိုက်ခြင်းများ စနစ်တကျ ဆောင်ရွက်ရန်၊ ရထားလမ်းတာပေါင်ကျဉ်းသော နေရာများ၊ ရေတိုက်စားထားသော နေရာများတွင် လမ်းပိုင်းကြံ့ခိုင်မှု ကောင်းမွန်အောင် ပြုပြင်ဆောင် ရွက်သွားရန်၊ မိတ္ထီလာ - မြင်းခြံ ရထားလမ်းပိုင်း တံတားနေရာများပေါ်ရှိ ဆွေးမြည့်နေသည့် သစ်သားဇလီဖားတုံးများကို အမြန်လဲလှယ်သွားရန်၊ ရထားလမ်းဘေးရှိ မြက်၊ ချုံနွယ်များ ရှင်းလင်းဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းများ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ရန် မှာကြားသည်။

ထို့ပြင် ဒုတိယဝန်ကြီးသည် ယမန်နေ့နံနက်ပိုင်းကလည်း မိတ္ထီလာမြို့ရှိ ဗဟိုပို့ဆောင်ဆက်သွယ်ရေး ကျောင်း (၄၅) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်ဂုဏ်ပြု အမှာစကား ပြောကြားပြီး ကျောင်းဝင်းအတွင်းရှိ ရထားသင်တန်း သရုပ်ပြဆောင်၊ မော်တော်ယာဉ် သင်တန်းသရုပ်ပြဆောင်၊ စက်မှုလက်မှုသင်တန်းဌာနခွဲရှိ ဂဟေသင်တန်းဆောင်၊ e-Library နှင့် ကျောင်းစာကြည့် တိုက်၊ သင်တန်းသား စားရိပ်သာနှင့် သက်သာချောင်ချိရေးအတွက် ငါးမွေးမြူထားရှိမှု၊ ဥစားကြက် မွေးမြူထားမှု၊ ဘဲမွေးမြူရေးနှင့် DYL ဝက်မွေးမြူရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ထားမှုနှင့် ဝန်ထမ်းမိသားစု လိုင်းခန်းများကို လိုက်လံကြည့်ရှု စစ်ဆေးကာ သင်တန်းသားများကို ဌာနအဖွဲ့အစည်းများအတွက် စွမ်းဆောင်ရည်မြင့်မားသော ဝန်ထမ်းများဖြစ်အောင် လေ့ကျင့်သင်ကြားပေးရေး၊ သင်တန်းသားများနှင့် ဝန်ထမ်းမိသားစုများအတွက် အထောက်အပံ့ဖြစ်စေရန် မွေးမြူရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ရေးတို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်