နေပြည်တော် ဇွန် ၁၄
မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးနှင့် သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးတို့မှ ပါမောက္ခ/အထူးကုဆရာဝန်ကြီး ၁၂ ဦး ပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ပြည်မြို့ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများနှင့်အတူ ဇွန် ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ဒေသခံပြည်သူများအား ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် နှလုံးရောဂါဆိုင်ရာလူနာ ၂၂၄ ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာလူနာ ၁၄၉ ဦး၊ ဦးနှောက်နှင့် အာရုံကြောဆေးကုသမှုဆိုင်ရာလူနာ ၂၀၅ ဦး၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ကုသမှုဆိုင်ရာလူနာ ၂၉ ဦး၊ အသည်းရောဂါဆိုင်ရာ လူနာ ၅၂ ဦး၊ ဆီးချိုနှင့်ဟော်မုန်းရောဂါလူနာ ၁၉၂ ဦး၊ ဆီးနှင့်ကျောက်ကပ်ရောဂါဆိုင်ရာ လူနာ ၁၁၅ ဦး၊ ရင်ခေါင်းရောဂါဆိုင်ရာလူနာ ၃၈ ဦး၊ ကင်ဆာရောဂါဆိုင်ရာလူနာ ၂၇ ဦး၊ အထွေထွေရောဂါလူနာ ၄၅၆ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါလူနာ ၂၃၉ ဦးတို့အား ကြည့်ရှုကုသမှုပေးခဲ့သည်။
ထို့ပြင် နှလုံးပုံရိပ်ဖော်ရိုက်ကူးခြင်း ၁၅၁ ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်း မှန်ပြောင်းကြည့်ရှုကုသခြင်း နှစ်ဦး၊ အူမကြီးမှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်း နှစ်ဦး၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း ၁၆၉ ဦး၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှု ၁၆၀၀၊ တယ်လီဗေးရှင်းဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း ၂၃၃ ဦး၊ နှလုံးစက်ဖြင့်စစ်ဆေးခြင်း ၃၅၈ ဦးတို့အား ဆောင်ရွက်နိုင်ခဲ့ပြီး နားဝေဒနာရှင် ၃၃ ဦးအား နားကြားကိရိယာတပ်ဆင်ပေးသည်။
ထိုသို့ကုသရာတွင် ပြည်မြို့နယ်သာမက ပဲခူးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့အတွင်းရှိ မြို့နယ် ၁၆ မြို့နယ်မှ ပြည်သူများကိုပါ ကုသပေးခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာနသည် ကျန်းမာရေးစောင့်ရှောက်မှုများကို ပြည်သူများလက်လှမ်း မီရရှိနိုင်ရန်၊ ဆေးကုသမှုအတွက် လူနာမှစိုက်ထုတ်ကုန်ကျစရိတ်လျော့နည်းစေရန်၊ ရောဂါများကို အချိန်မီစောစီးစွာသိရှိကုသမှုခံယူနိုင်စေရန်ရည်ရွယ်၍ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့မှ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများက တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ပြည်သူ့ဆေးရုံကြီးများသို့လည်းကောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီးများမှ အထူးကုဆရာဝန်ကြီးများက ခရိုင်၊ မြို့နယ်များသို့လည်းကောင်း ကွင်းဆင်းကုသမှုအစီအစဉ်များ ဆောင်ရွက်လျက်ရှိပြီး မေ ၃၀ ရက်နှင့် ၃၁ ရက်တို့တွင် ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီး၌ လူနာပေါင်း ၈၁၈ ဦးအား ကုသပေးနိုင်ခဲ့ကြောင်းနှင့် ယခုကဲ့သို့ အထူးကုကွင်းဆင်းကုသမှု အစီအစဉ်များကို အခြားမြို့များသို့လည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
