နေပြည်တော် ဇူလိုင် ၁၆
ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပသည့် (၁၂) ကြိမ်မြောက် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ တက်ရောက်လျက်ရှိသည့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ယနေ့တွင် အိန္ဒိယသမ္မတနိုင်ငံ ပြည်ပရေးရာဝန်ကြီး ဒေါက်တာအက်စဂျိုင် ရှန်ကာနှင့် ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် လည်းကောင်း၊ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာမွတ် (ဒ်)ဝီနိုင်းနှင့် ဒေသစံတော်ချိန် နံနက် ၁၁ နာရီ တွင်လည်းကောင်း သီးခြားစီတွေ့ဆုံသည်။
အိန္ဒိယပြည်ပရေးရာဝန်ကြီး နှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့်အညီ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အိန္ဒိယပြည်ပရေးရာ ဝန်ကြီးတို့သည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ကာလရှည်ကြာ ချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေး ပိုမိုတိုးမြှင့်ရေး၊ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား နှစ်နိုင်ငံနယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေး၊ ပေါင်းစည်း ချိတ်ဆက်မှုကဏ္ဍများ အပါအဝင် နှစ်နိုင်ငံအကြား အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်း ဆောင်ရွက်မှုများတိုးချဲ့ရေး၊ မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှုနှင့် ဘင်းမ်စတက် အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ကြသည်။
ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ရှိရင်းစွဲချစ်ကြည် ရင်းနှီးမှုနှင့် မိတ်ဖက်ဆက်ဆံရေး ပိုမိုတိုးမြှင့် ခိုင်မာရေး၊ နှစ်နိုင်ငံအပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ အထူးသဖြင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရေး၊ အာဆီယံနှင့် ကုလသမဂ္ဂတို့တွင် ပိုမိုပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်များအပေါ် ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်