Skip to main content

ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အထူးမွမ်းမံသင်တန်းအမှတ်စဉ် (၅) သင်တန်းဆင်းပွဲ ကျင်းပ

နေပြည်တော် ဇူလိုင် ၅

ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အထူးမွမ်းမံသင်တန်းအမှတ်စဉ်(၅) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း(နေပြည်တော်)၌ ကျင်းပသည်။

အခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးမောင်မောင်ဝင်းနှင့် ဒေါ်သန်းသန်းလင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုသင်တန်းကျောင်းစီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများ၊ ဗဟိုအဖွဲ့အစည်းများနှင့်ဝန်ကြီးဌာနများမှ သင်တန်းသား သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ရာ သင်တန်းသား သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

အဆိုပါသင်တန်းသို့ ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများအောက်ရှိ ဌာန၊ အဖွဲ့အစည်းများမှ စီမံကိန်းနှင့်ဘဏ္ဍာရေးဆိုင်ရာ တာဝန်ခံညွှန်ကြားရေးမှူးအဆင့် အရာထမ်း ၄၀ တက်ရောက်ကြပြီး သင်တန်းတွင် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ အခြေခံသိကောင်းစရာများ၊ အခွန်ပေးဆောင်ရာ၌ လိုက်နာဆောင်ရွက် ရမည့်အချက်များနှင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဆိုင်ရာ အခွန်ကိစ္စရပ်များ၊ စီမံကိန်းရေးဆွဲခြင်း၊ ဘတ်ဂျက်ရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်း၊ ပြည်ပချေးငွေနှင့် ပြည်ပအကူအညီရယူခြင်း၊ နိုင်ငံခြားငွေသုံးစွဲခြင်း၊ ဝန်ထမ်းစည်းမျဉ်း၊ ဘဏ္ဍာရေးစည်းမျဉ်း၊ ကြွေးမြီစီမံခန့်ခွဲမှု၊ ငွေတိုက်လုပ်ငန်းဆိုင်ရာ ဘဏ္ဍာရေးသတင်းအချက်အလက်များ အစီရင်ခံရေးစနစ်၊ စာရင်းပေါင်းချုပ်ပြုစုရေးနှင့် အစီရင်ခံခြင်း၊ ဘဏ္ဍာရေးစာရင်းစစ်ဆေးခြင်း၊ လုပ်ငန်းဆောင်ရွက်မှုနှင့် လိုက်နာဆောင်ရွက်မှုစစ်ဆေးခြင်းစသည့် ဘာသာရပ်များကို စာတွေ့လက်တွေ့ပို့ချခဲ့ကြောင်းနှင့် သင်တန်းကာလရက်သတ္တလေးပတ် ကြာမြင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်