ရန်ကုန် ဇွန် ၃၀
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း(ရန်ကင်း)၌ ကျင်းပသည့် လေအေးပေးစက် တပ်ဆင်ပြုပြင်ခြင်းသင်တန်းဖွင့်ပွဲသို့ တက်ရောက်သည်။
သင်တန်းဖွင့်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့်ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာဦးစီးဌာနများမှ တိုင်းဦးစီးမှူးများ၊ ဦးစီးအရာရှိများနှင့် သင်တန်းဆရာ များ၊ သင်တန်းသားများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးက ကျွမ်းကျင်လုပ်သားဖြစ်မှသာ အရည်အသွေးပြည့်ထုတ်ကုန်ပစ္စည်းများကို စွမ်းအားပြည့်ထုတ်ပေးနိုင်မည်ဖြစ်၍ လုပ်ငန်းအပ်နှံသူ၏ ယုံကြည်ကိုးစားမှုရရှိပြီး ဝင်ငွေတိုး၍ မိမိလူနေမှုဘဝမြင့်မားစေမည်ဖြစ်ရာ ခေတ်နှင့်အညီ စွမ်းဆောင်ရည်ပိုမိုမြင့်မားစေရေး စဉ်ဆက်မပြတ် လေ့လာသင်ယူရန်မှာကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်ရှိ CMP အထည်ချုပ်စက်ရုံများဖြစ်သည့် GY SEN (Myanmar) Apparel Co.,Ltd.၊ Cheung Hing Myanmar Co.,Ltd. နှင့် WNF Group စက်ရုံများသို့ သွားရောက်စစ်ဆေးကြည့်ရှုရာ စက်ရုံတာဝန်ခံများက လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းရေးနှင့် ကုန်ထုတ်စွမ်းအားတိုးတက်စေရေးအတွက် အလုပ်သမားရေးရာညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်နေမှု၊ အလုပ်သမားအဖွဲ့အစည်းနှင့် စက်ရုံတွင်းအလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC) ဖွဲ့စည်းဆောင်ရွက်နေမှု၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီများ ဖွဲ့စည်းဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဒုတိယဝန်ကြီးက လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်မတော်တဆထိခိုက်မှုနှင့် လုပ်ငန်းခွင်ရောဂါရရှိခံစားမှု လျော့နည်းကျဆင်းစေရေးဦးစီးဌာန၏ အမိန့်နှင့်ညွှန်ကြားချက်များ၊ စစ်ဆေးရေးအရာရှိများ၏ အကြံပြုချက်များကို သိရှိလိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကျွမ်းကျင်လုပ်သားမွေးထုတ်ပေးခြင်းဖြင့် လုပ်သားများ၏ လူမှုစီးပွားဘဝကိုတိုးတက်စေနိုင်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အပံ့ရရှိစေနိုင်သဖြင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်ဆောင်ရွက်ရန်လိုကြောင်း မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်