နေပြည်တော် ဇွန် ၃၀
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်သည် ဖိလစ်ပိုင်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာအဲကွာဒိုဟိုဆေးဒီဗေဒဂါ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာနအစည်းအဝေး ခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံပွဲသို့ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထိန်ဝင်း၊ ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ယဉ်ဦးနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
တွေ့ဆုံစဉ် မြန်မာ-ဖိလစ်ပိုင်နှစ်နိုင်ငံအကြား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုအခြေအနေ၊ နှစ်နိုင်ငံပြည်ဝင်ဗီဇာခွင့်ပြုဆောင်ရွက်ပေးမှုနှင့် မြန်မာနိုင်ငံအတွင်းရောက်ရှိနေသည့် ဖိလစ်ပိုင်နိုင်ငံသားများ၏ နေခွင့်သက်တမ်းတိုးမြှင့် ဆောင်ရွက်ပေးမှုအခြေအနေ၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများနှင့် လူကုန်ကူးမှု တားဆီးကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းများတွင် ဝန်ကြီးဌာနအနေဖြင့် ပူးပေါင်း ပါဝင်ဆောင်ရွက်မှုအခြေအနေ၊ လူကုန်ကူးခံရသူများအတွက် နှစ်နိုင်ငံအပြန်အလှန်ကူညီ ဆောင်ရွက်ပေးနိုင်ရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်