Skip to main content

ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီး နန်ကျင်းစီးပွားရေးဇုန်တည်ဆောက်ရေး ဆွေးနွေးရန် အတွက် တရုတ်နိုင်ငံမှ ကောင်စစ်ဝန်တစ်ဦးပါဝင်သည့်အဖွဲ့အား နယ်ခြားစောင့်တပ်မှ ပစ်ခတ်သည်ဟု မီဒီယာများ၏ စွပ်စွဲချက်နှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း ဖြေကြားချက်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီးတွင် နန်ကျင်းစီးပွားရေးဇုန်တည်ဆောက်ရန် ဆွေးနွေးဖို့အတွက် တရုတ်နိုင်ငံမှ ကောင်စစ်ဝန်တစ်ဦးပါဝင်သည့် အဖွဲ့အား နယ်ခြားစောင့်တပ်မှပစ်ခတ်သည်ဟု မီဒီယာများ၏ စွပ်စွဲချက်နဲ့ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလို ဖြေကြားထားပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားသတင်းနှင့် ပတ်သက်ပြီး တချို့မီဒီယာတွေ မေးမြန်းတာရှိခဲ့တယ်။ တချို့မီဒီယာများ၊ ပြည်ပမီဒီယာများကလည်း မဟုတ်မမှန် ထုတ်လွှင့်တာလည်းရှိတယ်။ ဇွန်လ ၂၇ ရက်နေ့မှာ တရုတ်နိုင်ငံကောင်စစ်ဝန်တစ်ဦး ပါဝင်တဲ့အဖွဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီးမှာ တည်ဆောက်မယ့် နန်ကျင်းစီးပွားရေးဇုန်နဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ မြစ်ကြီးနားကို ထွက်ခွာလာတဲ့အချိန်မှာ ပစ်ခတ်ခံရတယ်။ ပစ်ခတ်တဲ့အဖွဲ့ကလည်း နယ်ခြားစောင့်တပ်ဖွဲ့ဖြစ်တယ်လို့ စွပ်စွဲမဟုတ်မမှန်လုပ်ကြံတဲ့ သတင်းများကို တွေ့ရပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မီဒီယာများကလည်း ကျွန်တော့်ကို မေးမြန်းထားတာရှိပါတယ်။ ဖြစ်စဉ်ကတော့ တရုတ်နိုင်ငံက ကောင်စစ်ဝန်လည်း မဟုတ်ပါဘူး။ သူတို့ပြောနေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ နန်ကျင်းစီးပွားရေးဇုန်နဲ့ပတ်သက်တဲ့ကိစ္စလည်း မဟုတ်ပါဘူး။ နယ်ခြားဒေသမှာ တပ်မတော်အချင်းချင်း ပုံမှန်လစဉ် ဆွေးနွေးနေတဲ့ဆွေးနွေးမှုများရှိပါတယ်။ နယ်စပ်ဒေသလုံခြုံရေးနဲ့ပတ်သက်ပြီး ပုံမှန်ဆွေးနွေးနေတဲ့ဆွေးနွေးပွဲပဲ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကို တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံတစ်လှည့်စီ ကျင်းပနေတာဖြစ်ပါတယ်။ အလားတူပါပဲ မြန်မာနိုင်ငံနဲ့ထိစပ်နေတဲ့ တိုင်းပြည်တွေမှာလည်း နယ်စပ်လုံခြုံရေး ပုံမှန်အစည်းအဝေးတွေ ပြုလုပ်လျက်ရှိပါတယ်။ ဒီအစည်းအဝေးကို တက်ရောက်ဖို့အတွက် တရုတ်နိုင်ငံက တပ်မတော် ဆိုင်ရာ ကိုယ်စားလှယ်များ မြန်မာနိုင်ငံကို ဇွန်လ ၂၇ ရက်နေ့ မနက်ပိုင်း ကံပိုင်တည်မှ လာရောက်ခဲ့တာဖြစ်ပါတယ်။ အဲဒီမှာကျွန်တော်တို့ တပ်မတော်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေက သွားရောက်ကြိုဆိုခဲ့ပါတယ်။ အဲဒီအထဲကမှ နယ်ခြားစောင့်တပ်ဖွဲ့ရဲ့ရှေ့ပြေးဒုတိယယာဉ်က ၁၃ ကီလိုမီတာအကွာလောက်မှာ လက်နက်ငယ်နဲ့ ငါးချက်ပစ်ခတ်ခံရပါတယ်။ ထိခိုက်ဒဏ်ရာရသူ မရှိပါဘူး။ လုံခြုံရေးတပ်ဖွဲ့ ဝင်များအနေနဲ့ အဲဒီနေရာမှာ လုံခြုံရေးအရ ပြန်လည်လုံခြုံမှုရရှိအောင် ဆောင်ရွက်ခဲ့ပါတယ်။ ပြန်လည်လုံခြုံမှုရရှိတဲ့အခါမှာ အဲဒီယာဉ်တန်းကို မြစ်ကြီးနားသို့ ပြန်လည်ထွက်ခွာခဲ့တယ်။ မူလအစီ အစဉ်အတိုင်းပဲ နှစ်ဖက်တွေ့ဆုံပြီး အစည်းအဝေးများ တွေ့ဆုံခဲ့တာရှိပါတယ်။ အောင်မြင်စွာနဲ့ အစည်းအဝေးပြီးဆုံးသွားပါတယ်။ တရုတ်နိုင်ငံက တပ်မတော်ကိုယ်စားလှယ်အဖွဲ့များလည်း ပြည်ပသို့ ပြန်လည်ထွက်ခွာခဲ့ပါတယ်။ ပစ်ခတ်ခဲ့တဲ့အဖွဲ့တွေကလည်း KIA အဖွဲ့ဆိုတာ အတည်ပြုလို့ရပါတယ်။ ပစ်ခတ်ပြီးတဲ့နောက်ပိုင်းမှာ တရုတ် - မြန်မာ နှစ်နိုင်ငံနဲ့ နှစ်နိုင်ငံတပ်မတော် နှစ်ရပ်ကြားမှာ အထင်လွဲမှားမှုတွေဖြစ်လာအောင် ဘေးကနေပြီးတော့ ပြည်ဖျက်မီဒီယာများအနေနဲ့ ဝိုင်းဝန်း သွေးထိုးလှုံ့ဆော်နေတာတွေကိုလည်း ကျွန်တော်တို့ တွေ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး လုံခြုံရေးအရ ဆက်လက်ပြီး အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ သတင်းယောင် သတင်းမှားတွေကို ပြည်ဖျက်မီဒီယာများကလည်း အမြဲတမ်းထုတ်လွှင့်လျက်ရှိပါတယ်။ ဒီလိုထုတ်လွှင့်မှုတွေကို သတိပြုကြဖို့လိုတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။