Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ (၈) ကြိမ်မြောက်အစည်းအဝေးသို့ တက်ရောက်

နေပြည်တော် ဇွန် ၂၉

အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ မြန်မာအဆင့်မြင့် ကိုယ်စားလှယ် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ တွင် ၂၀၂၃ ခုနှစ် ဇွန် ၂၆ ရက်မှ ၂၇ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်း အဖွဲ့၏ (၈) ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

ဒုတိယဝန်ကြီးနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဇော်စိုးနှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် အာဆီယံဥက္ကဋ္ဌဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ ထင်ပေါ်ကျော်ကြား ပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး၏ ဦးစားပေးလုပ်ငန်းစဉ်များဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Mr. Dian Triansyah Djani နှင့် အာဆီယံအသိုက်အဝန်း မျှော်မှန်းချက်စာတမ်းရေးဆွဲရေးဆိုင်ရာ အမြဲတမ်းဦးဆောင် အဖွဲ့ဝင် မလေးရှားနိုင်ငံ၏ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ်နှင့် အငြိမ်းစားသံအမတ်ကြီး Mr. Dato Zainu-ddin Yahya တို့က ပူးတွဲဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့ကြပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် လေ့လာသူ တီမောလက်စ်တေနိုင်ငံတို့မှ ထင်ပေါ်ကျော်ကြား ပုဂ္ဂိုလ်များ၊ အဆင့်မြင့်ကိုယ်စား လှယ်များနှင့် တာဝန်ရှိသူများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအတွင်းရေးမှူးချုပ်နှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

အဆင့်မြင့် လုပ်ငန်းအဖွဲ့၏ (၈) ကြိမ်မြောက် အစည်းအဝေးတွင် အင်ဒိုနီးရှားနိုင်ငံ ဘီလင်တွန်း၌ ကျင်းပခဲ့သည့် အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ (၇) ကြိမ်မြောက် အစည်းအဝေး၏ အစီရင်ခံစာနှင့် ဆုံးဖြတ်ချက်များ ကို အတည်ပြုခဲ့ကြပြီး အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက် စာတမ်းနှင့် နောက်ဆက်တွဲစာတမ်းများ ရေးဆွဲရေးအတွက် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် “တက်ကြွ၍ ကြံ့ခိုင်မှုရှိသော ပြည်သူ့ဗဟိုပြုအာဆီယံ” ဆောင်ပုဒ်ဖြင့် ရေးသားပြုစုမည့် အာဆီယံမျှော်မှန်းချက်စာတမ်း ၂၀၄၅ မူကြမ်းပါအချက်များကို ဆက်လက်ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန်မျှော်မှန်းချက် စာတမ်းသည် အကြိမ် (၄၀)နှင့် (၄၁) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးက မှတ်တမ်းတင်ခဲ့သည့် အဓိကသဘောတရားများ (Core Ele-ments)ကို အခြေခံသင့်ကြောင်း၊ မျှော်မှန်းချက်စာတမ်း မူကြမ်းရေးဆွဲရာတွင် အာဆီယံအသိုက်အဝန်း၏ အခြားမဏ္ဍိုင် (၂) ရပ် ဖြစ်သည့် အာဆီယံစီးပွားရေး အသိုက်အဝန်းမဏ္ဍိုင်နှင့် အာဆီယံ လူမှု − ယဉ်ကျေးမှု အသိုက်အဝန်း မဏ္ဍိုင်တို့နှင့်လည်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးရန် လိုအပ်ကြောင်း အကြံပြုဆွေးနွေးခဲ့သည်။

ထို့ပြင် အာဆီယံပဋိညာဉ် စာတမ်းနှင့် အာဆီယံ၏ အခြားစာချုပ်စာတမ်းများတွင် ပြဋ္ဌာန်း ထားသည့်အခြေခံမူများ၊ စံနှုန်းများ၊ ရည်ရွယ်ချက်များကိုလေးစား လိုက်နာခြင်းသည် ဒေသတွင်း မတူညီကွဲပြားမှုများအကြား စည်းလုံးညီညွတ်မှု ရှိစေနိုင်မည်ဖြစ်ကြောင်း၊ အာဆီယံကို နိုင်ငံတကာမှ အသိအမှတ်ပြုရသည့် အဖွဲ့အစည်းအဖြစ် ဆက်လက်ထိန်းသိမ်းနိုင်ရန် ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

အဆိုပါ မျှော်မှန်းချက်စာတမ်းကို ၂၀၂၃ ခုနှစ် စက်တင်ဘာတွင် ပြုလုပ်မည့် အာဆီယံထိပ်သီး အစည်းအဝေးသို့ အချိန်မီတင်ပြရန် အပြီးသတ်ရေးဆွဲမည့်လမ်းစဉ်များကို အဖွဲ့ဝင်နိုင်ငံများအကြား ဆက်လက်ဆွေးနွေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်