Skip to main content

ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)သို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၁၄

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ယမန်နေ့က မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ရှိ အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးသည် သံရည်ကျိုအလုပ်ရုံအမှတ်(၁)တွင် သံမဏိလေးထောင့်တုံးများထုတ်လုပ်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကိုလည်းကောင်း၊ အောက်ဆီဂျင်ထုတ်လုပ်ရေး အလုပ်ရုံ(၂)ရှိ အောက်ဆီဂျင်အရည်များ သိုလှောင်ထားသည့် ဧရိယာများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးကို အလေးထားဆောင်ရွက်ရန် မှာကြားကာ သံရည်ကျိုအလုပ်ရုံမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့သည်။

စစ်ဆေးပြုပြင်ရန်လို

ထို့နောက် ဒုတိယဝန်ကြီးသည် စက်ရုံအစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး လုပ်ငန်းတာဝန်များထမ်းဆောင်ရာတွင် ထုတ်ပြန်ထားရှိသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တိတိကျကျလိုက်နာဆောင်ရွက်ရန်၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုအရ သံရည်ကျိုအလုပ်ရုံ အမှတ်(၂)၊ Phase-2 & 2A တို့ကို အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးအတွက် လုပ်ငန်းစဉ်၊ ကြာမြင့်ချိန်၊ ကုန်ကျစရိတ်တို့ကို မြန်မြန်ဆန်ဆန်တွက်ချက်ရန်၊ စက်ပစ္စည်းကိရိယာများကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ စစ်ဆေးပြုပြင်ရန် လိုအပ်ကြောင်း။

စီမံချက်များရေးဆွဲ

သံမဏိများ စဉ်ဆက်မပြတ်ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သည့် သွင်းအားစုများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြိုတင်စုဆောင်းထားရန်၊ စက်အရန်ပစ္စည်းများကိုလည်း ဖြည့်ဆည်းထားရန်၊ သံမဏိထုတ်လုပ်ခြင်းလုပ်ငန်းများကို စက်စွမ်းအား ပြည့်လည်ပတ်ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သည့်ဝန်ထမ်းများ ဖြည့်ဆည်းနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ အမြန်ဆောင်ရွက်သွားရန်နှင့် ဆောင်ရွက်ရမည့်လုပ်ငန်းများ မကျန်ရှိစေရေးနှင့် အချိန်မီပြီးစီးနိုင်ရေးအတွက် စီမံချက်များ၊ အချိန်ဇယားများရေးဆွဲဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်