Skip to main content

ဒုတိယဝန်ကြီး ဦးအေးကျော် မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဓာတ်အားလိုင်းများ ပြုပြင်နေမှုကြည့်ရှုစစ်ဆေး

စစ်တွေ မေ ၃၀

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ မေ ၂၉ ရက်နံနက်ပိုင်းတွင် အလွန်အားကောင်းသော မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ၆၆ ကေဗွီ ပုဏ္ဏားကျွန်း-စစ်တွေ အမှတ်(၁) ဓာတ်အားလိုင်းနှင့် စစ်တွေမြို့ပေါ်ရှိ ၁၁ ကေဗွီနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်နေမှု၊ ၁၁/၀ ဒသမ ၄ ကေဗွီ ထရန်စဖော်မာများ စမ်းသပ်စစ်ဆေးနေမှုနှင့် ဝန်ထမ်းအိမ်ရာများနှင့် ငွေကောက်ကောင်တာ  အဆောက်အဦများတွင် အမိုးသွပ်ပြားများ ပြန်လည်အစားထိုး ပြုပြင်ဆောင်ရွက်ပေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အလွန်အားကောင်းသော မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် ၆၆ ကေဗွီ ပုဏ္ဏားကျွန်း-စစ်တွေ အမှတ်(၁) ဓာတ်အားလိုင်း တိုင်အမှတ် ၁၆၆၊ ၁၆၇၊ တိုင်အမှတ် (၁၈၃ မှ ၁၈၈ အထိ) နှင့် တိုင်အမှတ် (၂၂၅ မှ ၂၃၀)အထိ စုစုပေါင်း ၁၄ တိုင်အား ဌာနဝန်ထမ်းများက  ပြန်လည် ပြုပြင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက ပြည်သူများ လျှပ်စစ်ဓာတ်အားအမြန်ဆုံး ပြန်လည်ရရှိနိုင်စေရေးအတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ပေးကြရန်၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့် ယခုအချိန်သည် မိုးရာသီဝင်စ ဖြစ်သည့်အတွက် ကျန်းမာရေးအထူးဂရုစိုက်နေထိုင်ကြရန် မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့ပေါ်တွင် သဘာဝဘေးကြောင့် ပျက်စီးသွားခဲ့သည့် ၁၁ ကေဗွီနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်းများ ပြန်လည်တည်ဆောက်နေကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးများမှဝန်ထမ်းများအား အားပေးစကားပြောကြား၍ မီးစက်ဝင်းအတွင်း ထရန်စဖော်မာထုတ် ပြည်တွင်းကုမ္ပဏီများက ၁၁/၀ ဒသမ ၄ ကေဗွီထရန်စဖော်မာများ စမ်းသပ်စစ်ဆေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီးလုပ်ငန်းများ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ရေးဓာတ်အားလက်ခံဖြန့်ဖြူးရာတွင် အန္တရာယ်ကင်းရှင်းစေရေး စနစ်တကျစစ်ဆေးလုပ်ဆောင်ကြရန် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် သဘာဝဘေးဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် ဝန်ထမ်းအိမ်ရာများနှင့် ငွေကောက်ကောင်တာများတွင် အမိုးသွပ်ပြားများအား အစားထိုးပြုပြင်လဲလှယ်နေမှုကို ကြည့်ရှုစစ်ဆေး၍ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုတို့ကို အားပေးစကားများပြောကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

သတင်းစဉ်