Skip to main content

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရုံး၌ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ရန်ကုန် မေ ၄

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကကြီးမှူးပြီး မေ ၃ ရက်တွင်ကျရောက်သော ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ (World Press Freedom Day) အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ကုန်သည်လမ်းရှိ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရုံးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက Video Conferencing ဖြင့် အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) က ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အထိမ်းအမှတ် ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ဆက်လက်၍ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဒေါ်သီတာတင်က မီဒီယာဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့နှင့်သက်ဆိုင်သော အကြောင်းအရာများ ဟောပြောဆွေးနွေးကြရာ “နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် သတင်းမီဒီယာများ၏ အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) ကလည်းကောင်း၊ “သတင်းထုတ်လုပ်ဖြန့်ဝေသူတို့၏တာဝန်” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ(၁) ဦးမျိုးထွန်း (မောင်စိမ်းနောင်- လယ်ဝေး) ကလည်းကောင်း၊ “ဒီမိုကရေစီနှင့် သတင်းလွတ်လပ်ခွင့်” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအတွင်းရေးမှူး ဦးအောင်ပြည့်စုံကလည်းကောင်း ဟောပြောဆွေးနွေးခဲ့ကြသည်။

ယင်းနောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

အောင်မြင့်(ပြန်/ဆက်)