နေပြည်တော် ဇွန် ၁၂
၂၀၂၆ ခုနှစ် ဇွန် ၁၅ ရက်တွင် ကျရောက်မည့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ (၃၁)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) ရှိ သွေးလှူဘဏ်ခန်းမဆောင်၌ ကျင်းပသည်။
ဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် ဒုတိယဝန်ကြီးများသည် ကျန်းမာရေးဝန်ထမ်းများက သွေးလှူဒါန်းကြမည့် ဝန်ထမ်းများအား သွေးပေါင်ချိန်တိုင်း စစ်ဆေးမှု၊ သွေးအမျိုးအစား ခွဲခြားသတ်မှတ်မှုနှင့် သွေးအလှူရှင်အား နည်းပညာ အသုံးပြုမှတ်တမ်းတင်နေမှု၊ ခန်းမအတွင်း၌ ဝန်ထမ်းများ သတ်မှတ်နေရာများအလိုက် စုပေါင်းသွေးလှူဒါန်းနေမှုကို ကြည့်ရှုအားပေးစကားပြောကြားကြပြီး သွေးအလှူရှင်ဝန်ထမ်းများအား အာဟာရဖြည့်စွက်စာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က နေပြည်တော် ပြည်သူ့ဆေးရုံကြီးအတွက် အလှူငွေကျပ် ၁၅ သိန်း ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက လက်ခံရယူပြီး စုပေါင်းသွေးလှူဒါန်းခြင်းနှင့်ပတ်သက်သည့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
