Skip to main content

သီးနှံစိုက်ခင်းများ၏ ရေလိုအပ်ချက်နှင့် ရေပေးဝေမှုဟန်ချက်ညီစေရေး၊ ရေလေလွင့်ဆုံးရှုံးမှု မရှိစေရေးအတွက် ဌာနနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်

နေပြည်တော် ဧပြီ ၂၃

ရေသောက်စနစ်အတွင်း စိုက်ပျိုးရေ အညီအမျှ ရရှိသုံးစွဲနိုင်ရေး၊ သီးနှံစိုက်ခင်းများ၏ ရေလိုအပ် ချက်နှင့် ရေပေးဝေမှုဟန်ချက်ညီစေရေး၊ ရေလေလွင့်ဆုံးရှုံးမှု မရှိစေရေးအတွက် ဌာနနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ဧပြီ ၂၁ က မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာ ထရုံလက်တံမြောင်းဖျား ဧရိယာတွင် ဆိုလာစနစ် စက်ရေတွင်း ၂၀ တူးဖော်ခြင်း လုပ်ငန်းခွင်၌ ဌာနဆိုင်ရာများ ဒေသခံတောင်သူများနှင့်တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးက မှာကြားသည်။

လယ်ကိုင်းကျေးရွာ၊ ထရုံ လက်တံမြောင်းဖျားရှိ စိုက်ပျိုးမြေ ဧရိယာ ဧက ၃၆၀ ခန့်ကို ရာသီမရွေး စိုက်ပျိုးရေသုံးစွဲနိုင်ရေးအတွက် မြေအောက်ရေတွင်း ၂၀ တူးဖော်ဆောင်ရွက်ခြင်းဖြစ်ပြီး အဆိုပါ စက်ရေတွင်းများကို နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်တပ်ဆင် အသုံးပြုသွားမည်ဖြစ်၍ ဒေသ၏ စိုက်ပျိုးထုတ်လုပ်မှုနှင့် တောင်သူများ၏ ဝင်ငွေတိုးတက်လာစေမည်ဖြစ်ကြောင်း သိရသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် မင်းဘူးမြို့နယ် (စကု) အခြေခံပညာ အထက်တန်းကျောင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေး ဘာသာရပ်များ တွဲဖက်သင်ကြားနိုင်ရေးအတွက် ကျောင်းဆောင်သစ် တည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းအုပ်ဆရာကြီးနှင့် တာဝန်ရှိသူများကိုတွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။

အလားတူ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန ရေနံချောင်းမြို့နယ် စံပြတမာစိုက်ခင်း ဧက ၁၀၀ တည်ထောင်ခြင်း စီမံကိန်းလုပ်ငန်းများကို ကြည့်ရှုအားပေးပြီး စီမံကိန်းဧရိယာအတွင်း စိုက်ပျိုးရေရရှိရေး ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်ရှိ ကြက်မောက်တောင် ရေလှောင်တမံ ရေဝင်ရောက်မှုနှင့် စိုက်ပျိုးရေပေးဝေနေမှုကို ကြည့်ရှုစစ်ဆေးပြီး ရေချိုသယံဇာတများ အလေအလွင့်မရှိ အသုံးပြုနိုင်ရန်နှင့် ပြောင်းလဲသက်ရောက်လျက်ရှိသော ရာသီဥတု အခြေအနေကြောင့် သိုလှောင်ရေများ ဆုံးရှုံးမှုမရှိ သုံးစွဲနိုင်ရန်အတွက် တောင်သူများကိုယ်တိုင် ပူးပေါင်း ဆောင်ရွက်ရေး၊ ရေအသုံးချသူများ အဖွဲ့ (WUG) များ တိုးချဲ့ဖွဲ့စည်းဆောင်ရွက်ရေး လိုအပ်ချက် များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်