နေပြည်တော် မတ် ၃၁
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းများနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို မြှင့်တင်ရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ကျင်းပရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် မန္တလေးတိုင်းဒေသကြီးအတွင်း ဒေသရာသီဥတုနှင့်ကိုက်ညီသည့် သီးနှံပုံစံစမ်းသပ်၍ သီးထပ်ဧရိယာတိုးချဲ့စိုက်ပျိုးရန်၊ တောင်သူလယ်သမားနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များပူးပေါင်းဆောင်ရွက်သည့် အကျိုးတူလယ်ယာစနစ်ဖွံ့ဖြိုးလာရေးနှင့် လယ်ယာကုန်ထုတ်လုပ်မှု တိုးတက်ရေး တွန်းအားပေးဆောင်ရွက်ရန်၊ တောင်သူများလိုအပ်သည့် နည်းပညာ၊ အရင်းအနှီး၊ စျေးကွက်ရရှိရေးနှင့် အခြေခံအဆောက်အဦများဖြည့်ဆည်းပေးရန်၊ မျိုးစေ့ထုတ်လုပ်ငန်းများတွင် တောင်သူများကိုယ်တိုင်ပူးပေါင်းပါဝင်သော မျိုးစေ့ထုတ်အစုအဖွဲ့များတည်ထောင်ရန်၊ စံပြစိုက်ပျိုးရေး၊ မွေးမြူရေးကျေးရွာများထူထောင်၍ တောင်သူအချင်းချင်းဖြန့်ဝေသော နည်းပညာပြန့်ပွားရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်၊ မြေပြင်ကွင်းဆင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရန်၊ စပါးအခြောက်ခံစက်များအပါအဝင် လယ်ယာလုပ်ငန်းခွင်ထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက်လုံး၌ စက်ကိရိယာ တိုးမြှင့်သုံးစွဲနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် တာဝန်ရှိသူများသည် ချမ်းမြသာစည်မြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဓာတ်ခွဲခန်းလုပ်ငန်းများနှင့် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက အဆင့်မြင့်ဓာတ်ခွဲခန်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ရန်နှင့် ကျွမ်းကျင်သည့်ဓာတ်ခွဲခန်းပညာရှင် အရင်းအမြစ်များ တိုးပွားရေးဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
အလားတူ ပုသိမ်ကြီးမြို့နယ်ရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအသားတိုးနွား၊ မျိုးထိန်း၊ မျိုးပွား၊ မျိုးဖြန့်သရုပ်ပြခြံ (ကြူဝန်း)၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် အသားတိုးနွားမွေးမြူထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက တာဝန်ရှိသူများကို ဆွေးနွေးမှာကြားသည်။ အဆိုပါ အသားတိုးနွား၊ မျိုးထိန်း၊ မျိုးပွား၊ မျိုးဖြန့် သရုပ်ပြခြံ(ကြူဝန်း)သည် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ရွှေနီနွားမ ကြီး ၁၅ ကောင်၊ ပြာစိမ်းနွားမ ၁၈ ကောင်၊ ဘရာမင် အမ ၁၁ ကောင် စုစုပေါင်း ၄၄ ကောင်ကို ၁၀၀ ရာခိုင်နှုန်း ဘရာမင်မျိုးရည် ခဲချောင်းဖြင့် မေထုန်မဲ့သားစပ်ထားရှိကြောင်း သိရသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် နှင့် တာဝန်ရှိသူများသည် ပြင်ဦးလွင်မြို့ရှိ ပိုးသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေး ဗဟိုဌာနသို့ရောက်ရှိရာ ခြံတာဝန်ခံကလုပ်ငန်းဆောင်ရွက်မှုကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက မြန်မာ့ပိုးစာလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာရေးနှင့် တန်ဖိုးမြင့်ပိုးချည်ထုတ်လုပ်နိုင်ရေးစီမံဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားပြီး ပိုးသုတေသနနှင့် ပိုးစာသုတေသနလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်