နေပြည်တော် ဇန်နဝါရီ ၃၁
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ထားကိုးကွယ်ရန်ဆောင်ရွက်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင်တော်ထက်သို့ စတင်ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းတွင် အဆိုပါ ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တ ကုမာရဘိဝံသနှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိအဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ ရွှေကျင်နိကာယဥက္ကဋ္ဌ ရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တဉာဏိဿရ တို့အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော စေတနာရှင်၊ အလှူရှင်များဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း(၁/၂/၃)တို့ကိုတွဲဆက်ထားသည့် ဆင်းတုတော်အစိတ်အပိုင်းကြီးအား ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်နိုင်ရန်အတွက် ကနဦးလုပ်ငန်းဖြစ်သည့် ပင့်ထောင်ခြင်းလုပ်ငန်းများကို သံမဏိမျှော်စင်ဝန်ချီစက်အသုံးပြု၍ ဇန်နဝါရီ ၂၆ ရက်နေ့ နံနက် ၈ နာရီ ၁၀ မိနစ် အချိန်မှ စတင်ပင့်ထောင်လျက်ရှိရာ ဇန်နဝါရီ ၂၆ ရက်နေ့တွင် ဆင်းတုတော်ကြီးလဲလျောင်းနေရာ ၀ ဒီဂရီမှ ၂၆ ဒီဂရီအထိ အမြင့်အားဖြင့် ၃၁ ပေအထိလည်းကောင်း၊ ဇန်နဝါရီ ၂၇ ရက်နေ့တွင် ၂၆ ဒီဂရီမှ ၅၁ ဒီဂရီအထိ အမြင့်အားဖြင့် ၅၂ ပေအထိလည်းကောင်း၊ ဇန်နဝါရီ ၂၈ ရက်နေ့တွင်၅၁ ဒီဂရီမှ ၆၈ ဒီဂရီအထိ အမြင့်အားဖြင့် ၆၃ ပေအထိလည်းကောင်း၊ ဇန်နဝါရီ ၂၉ ရက်နံနက် ၉ နာရီတွင် ၉၀ ဒီဂရီအထိ အမြင့်အားဖြင့် ၇၅ ဒသမ ၅ ပေအထိပင့်ထောင်ပူဇော်ခဲ့ပြီး ဆင်းတုတော်အစိတ်အပိုင်းကြီးအား ပင့်ထောင်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ကြာမြင့်ချိန်အားဖြင့် ၇၂ နာရီ ၅၀ မိနစ် ကြာမြင့်ခဲ့သည်။
အထက်ပါ ပင့်ထောင်ပြီးစီးသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ အစိတ်အပိုင်းကြီးအား ရတနာပုလ္လင်တော်ထက်သို့ ပင့်ဆောင်ရေးလုပ်ငန်းများကို ဇန်နဝါရီ ၂၉ ရက် ည ၁၁ နာရီ ၁၆ မိနစ်ခန့်တွင် ဆက်လက်ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၃၀ ရက် နံနက် ၁၀ နာရီ ၁၇ မိနစ်ခန့်တွင် ရတနာပုလ္လင်တော်အနီးနေရာအထိ ပင့်ဆောင်နိုင်ခဲ့ပြီး စုစုပေါင်းပင့်ဆောင်ခဲ့သည့် အကွာအဝေးမှာ ၈၁ ပေ ဖြစ်ကာ ကြာမြင့်ချိန် ၁၁ နာရီ ၁ မိနစ်ခန့် ကြာမြင့်ခဲ့သည်။
အဆိုပါ ရတနာပလ္လင်တော်အနီးနေရာအထိ ပင့်ဆောင်ထားသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း(၁/၂/၃)တို့ကိုတွဲဆက်ထားသည့် ဆင်းတုတော်အစိတ်အပိုင်းကြီးအား ယနေ့နံနက် ၁ နာရီ ၃၅ မိနစ်တွင် အမြင့် ၉ လက်မ ပင့်တင်ပြီး ပလ္လင်ပေါ်သို့ ဆက်လက်ပင့်ဆောင်ခဲ့ရာ နံနက် ၁၁ နာရီ ၃၄ မိနစ်တွင် ရတနာပလ္လင်တော်ထက်သို့ အောင်မြင်စွာပင့်ဆောင်နေရာချထားနိုင်ခဲ့ကြောင်းနှင့် အဆိုပါ ပင့်ဆောင်နေရာချထားမှုလုပ်ငန်းကြာမြင့်ချိန်မှာ ၉ နာရီ ၅၉ မိနစ်ခန့် ကြာမြင့်ခဲ့သည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ထုဆစ်ပြီးစီးသည့် ဆင်းတုတော်အစိတ်အပိုင်းများကို တွဲဆက်ပြီးနောက် ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်ခဲ့ရာတွင် ဝန်ချီစက်(၈)လုံးပါ သံမဏိမျှော်စင်တည်ဆောက်ခြင်း၊ ဆင်းတုတော်ပင့်ဆောင်ရာတွင် ထုဆစ်ပြီးကျောက်သားများ ထိခိုက်မှုမရှိစေရန် သံမဏိပန်းတောင်းတည်ဆောက်ခြင်းတို့ကို အချိန်အားဖြင့် (၇)လကြာပြီး သံထည်ပစ္စည်းတန်ချိန်အားဖြင့် ၃၈၀၀ တန် အသုံးပြု၍ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့်ပူးပေါင်းကာ တပ်မတော်သားအင်ဂျင်နီယာများက တည်ဆောက်ခဲ့သည်။
မြန်မာနိုင်ငံတွင် ယခုကဲ့သို့ ကြီးမားလေးလံသည့်ပစ္စည်းကို မတင်ရွှေ့ပြောင်းဖူးသည့် နည်းပညာ၊ အတွေ့အကြုံနှင့် စက်ယန္တယားများ အသုံးမပြုခဲ့ဖူးသော်လည်း ယခု မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရာတွင် သက်ဆိုင်ရာ လုပ်ငန်းအင်ဂျင်နီယာအသီးသီးတို့၏ အတွေ့အကြုံများဖြင့် အားသွန်ခွန်စိုက်ကြိုးပမ်းပြီး ဒီဇိုင်းရေးဆွဲတွက်ချက်ခြင်း၊ စစ်ဆေးခြင်းတို့တွင် ခေတ်မီနည်းပညာများကို အသုံးပြုတွက်ချက်၍ တည်ဆောက်ခဲ့သည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း(၁/၂/၃)တို့ကိုတွဲဆက်ထားသည့် ဆင်းတုတော်အစိတ်အပိုင်းကြီးနှင့် ဆင်းတုတော်ထည့်သွင်းထားသည့် သံမဏိရတနာပန်းတောင်းတော်တို့၏ အလေးချိန် ၂၃၆၇ ဒသမ ၅ တန်တို့အား သံမဏိမျှော်စင်တွင် ဝန်ချီစက် ၈ လုံးတို့ဖြင့်ပင့်ဆောင်၍ ဆင်းတုတော်အစိတ်အပိုင်းကြီးအား ရတနာပလ္လင်တော်ထက်သို့ အောင်မြင်စွာပင့်ဆောင်နေရာချထားနိုင်ခဲ့ပြီးဖြစ်ကြောင်းနှင့် အများပြည်သူများ စိတ်နှလုံးအေးချမ်းစွာ လာရောက်ဖူးမြော်နိုင်စေရန်၊ တရားဘာဝနာများ အေးချမ်းစွာပွားများအားထုတ်နိုင်စေရေးနှင့် မြတ်ဗုဒ္ဓ၏ နှုတ်ကပါဌ်တော် ပိဋကတ်သုံးပုံတို့အား လေ့လာဖူးမြော်ကြည်ညိုနိုင်စေရေးတို့အတွက် တည်ဆောက်ပူဇော်လျက်ရှိကြောင်း သတင်းရရှိသည်။